သို့......
အပိုင်း၇
"အော် အီးးးး....အီးးးးး..... အွတ်....."
လွန်းသာ အိပ်ရာထက်မှာ အိပ်စက်နေရင်း လင်းကြက်တွန်သံကြောင့် ထလိုက်ရသည်။ အိပ်ချင်သေးပေမယ့်လည်း လယ်ထဲဆင်းဖို့က ရှိသေးတာကြောင့် မထချင်လည်း ထထိုင်လိုက်ရသည်။
ထိုင်ပြီး အနည်းငယ် ဝေဝါးနေတဲ့ မျက်လုံးတို့ကို လက်ဖြင့်အသာပွတ်လိုက်မိသည်။
"အင်း...."
အိပ်နေရင်းညီးသံကြောင့် ကြည့်လိုက်တော့ ဘေးမှာ ဖျင်စောင်အနီနဲ့ အိပ်စက်နေသော ကိုအတိတ်ကို တွေ့လိုက်ရသည်။ပြတင်းပေါက်မှ ကျလာသော နေမင်းရဲ့ ရှေ့ပြေးရောင်ခြယ် အနှဆုံးအလင်းကြောင့် ရွှေရောင်သို့မဟုတ် ပုဇွန်ဆီရောင် မတောက်သေးပေမယ့် အမှောင်ကနေ လူမြင်သူမြင် အနေအထားသို့ အလင်းရောက်နေတာကြောင့် ကိုအတိတ်ကို မြင်နေရသည်။
တူတူအိပ်တာကြောင့် မြင်နေကျဆိုပေမယ့် ဒီနေ့တော့ထူးခြားနေသည်။
အရင်က အိပ်ရင် စောင်ခေါင်းမြှီးခြံပြီးကိုအတိတ်က အိပ်တတ်တာကြောင့်ဖြစ်သည်။ ဒီနေ့တော့ ကိုအတိတ် ခေါင်းမြှီးခြံပြီး မအိပ်။ စောင်က ရင်ဘက်နားမှာ ရောက်နေသည်။
အိပ်နေတဲ့ ကိုအတိတ်ကို တစ်ချက်ကြည့်လိုက်မိသည်။သေသေချာချာကြည့်တော့လည်း ကိုအတိတ်သည် အရပ်လည်းရှည်သလို ခန္ဓာကိုယ်ကလည်း ဗလတွေနဲ့ တောင့်ဖြောင့်သည်။ ရုပ်ကလေးပဲ ရုပ်ဆိုတာကလည်း ဒီအမာရွတ်သာ မရှိတော့ရင် အရမ်းကိုချောပြီး ရွာထဲက လူပျိုခေါင်း ကိုသာထူးကြီးထက် အဆပေါင်းများစွာ သာလောက်သည်။
အင်းလေ....သတ္တဝါတစ်ခု ကံတစ်ခုပေါ့....လို့သာ ဖြည့်တွေးလိုက်ရသည်။ အမာရွတ်ကြီးကို အသာလက်ချောင်းများဖြင့် ထိကိုင်လိုက်မိသည်။ မာမာနဲ့ကြမ်းတမ်းတဲ့ အမာရွတ်ကြီးသည် သူပါးပြင်ထက် တစ်လမလောက်ဖောင်းကြွနေသည်။နီညိုရောင်သန်းနေသည်။
"အကိုက ချောပါတယ်ဗျ....."
လွန်းသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ လွန်းအတိတ်ဆိုတဲ့ သူစိမ်းကို သူသနားမိနေပြီ ခင်တွယ်မိနေပြီဆိုတာ ဖွင့်မပြောပဲသာထားတာ လွန်းသာ သူကိုယ်တိုင်တော့ သူစိတ်သူသိနေမိသည်။သူ များတွေ မချောဘူး ရုပ်ဆိုးတယ်ပြောရင် ကာယကံရှင်ထက် သူက ပိုလို့မခံချင်ဖြစ်ရသည်ပင်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...