[အဆိပ်ပင်ရေလောင်းခြင်း]
အသက်ရှူရတာတောင်မွန်းကြပ်စေတဲ့ အခိုက်အတန့်တွေ Ryan တို့အိမ်ကလေးထဲမှာဖြစ်ပေါ်နေတယ်။ သက်တန့်အိပ်ပြီထင်တဲ့အချိန်မှ Ryanရဲ့အိမ်ပြန်ချိန်ဖြစ်လာတာမျိုး။ နောက်ပြီး အတူစားဖြစ်တဲ့မနက်စာရယ်လို့လည်းမရှိတော့ဘူး။ မနက်စောစောလမ်းလျှောက်ရင်းပဲ လမ်းမှာစားစရာsnackတစ်ခုခုဝယ်ပြီး Ryan အလုပ်ကိုတန်းသွားဖြစ်တယ်။ တစ်အိမ်ထဲနေပြီးဝေးနေကြတဲ့လူတွေ၊ နီးရက်နဲ့ဝေးဆိုတဲ့စကားလိုပါပဲ။ သက်တန့်က ဒီအခြေအနေကို သိပ်မုန်းတယ်။ အထူးသဖြင့်ဖွယ်ဖွယ်ရာရာချက်ထားတဲ့စားစရာတွေကို အမှိုက်ပုံးထဲသွန်ရတာများလာလို့ပေါ့။
သေပစ်လိုက်မှအရာရာပြီးဆုံးသွားမယ်ဆိုရင် သွေးကြောမျှင်လေးတွေကို ဓားနဲ့တတိတိဖြတ်တောက်ချင်မိတယ်။
ဘာတွေက ဒီလူနဲ့ဝေးသွားဖို့ တွန်းအားပေးနေတာလဲ သက်တန့်မသိတော့ဘူး။ သိလည်းမသိချင်တော့ဘူး။ သူရှိနေလို့စိတ်ဆင်းရဲနေရမယ်ဆိုရင် ထွက်သွားဖို့ကြိုးစားမိမယ်။ ဒါပါပဲ။ "ရွံသွားလို့ဖြစ်မှာပါ" ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တဲ့သက်တန့်လည်းနေရတာမပျော်တော့ဘူး။ mental illness လို့ခေါ်ရမလား၊ သူ့စိတ်တွေဖျားနာနေခဲ့တာကြာပြီ။ထွက်သွားဖို့ကြံရွယ်ထားပြီး တကယ်ထွက်သွားမယ်ပြင်တော့မှပဲ "မင်းကိုဘယ်သူထွက်သွားခွင့်ပေးလို့လဲ" လို့ ဒေါသတကြီး အော်ဟစ်နေတဲ့အဲဒီလူကိုလည်း နားမလည်တော့ပါဘူး။ luggage တစ်လုံးနဲ့တွေတွေဝေဝေရပ်နေတဲ့သူ့ကို Ryan က စိတ်မှန်းနဲ့ထုရိုက်ချင်ရိုက်နေလိမ့်မယ်။ နံရံတွေကိုလက်သီးနဲ့ပစ်ထိုးတော့ နာကြင်ရတာ Ryanမဟုတ်ဘူး။ သက်တန့်ရင်ထဲ မိုးတွေရွာနေပြီ။
"ဦးငယ် ဘာလို့လုပ်ရတာလဲ၊ တော်ပါတော့"
အကျႌအဖြူရောင်ပေါ်မှာသွေးစတွေစွန်းထင်းကုန်တယ်။ တင်းတင်းကိုက်ထားခဲ့တဲ့အောက်နှုတ်ခမ်းက ပေါက်ပြဲချင်နေပြီ။ ရုတ်တရက်ဆန်ဆန်ပဲ သက်တန့်ရဲ့ပွယောင်းနေတဲ့ဆံပင်တွေကို နားကြားထဲထိုးသိမ်းပေးတဲ့ Ryan ရဲ့လက်က သွေးညှီနံ့နည်းနည်းရတယ်။