[ကောင်းတစ်လှည့် ဆိုးတစ်လှည့်]
အဲ့ဒီညက Ryan နဲ့ ချာတိတ် စကားပြောတာနောက်ဆုံးပါပဲ။ အလုပ်ရှာဖို့တိုက်တွန်းတယ်။ အလုပ်ရရင်သွားချင်ရာသွားလေတော့လို့ပြောပြီး နောက်နေ့မနက်လည်း Ryan က ဘာမှထပ်မပြောဘူး။ ချာတိတ်ကလည်း ဟောက်ထားတဲ့အရှိန်ကြောင့်လားမသိ၊ နည်းနည်းရှိန်နေတယ်။ ကျွေးတာကိုစားပြီး ပေးတာကိုယူတယ်။ အနောက်အတိုင်းအစားအစာတွေကို အသားမကျသေးတာကြောင့် သ့ူမယ်မျက်ရည်လေးတဝဲဝဲနဲ့ ပျို့ကာပျို့ကာစားနေရရှာတာကို Ryan သတိထားမိပါတယ်။ ဒါပေမယ့်လည်း ဘာကိုမှထုတ်မမေးဖြစ်ဘူး။
ဒီလိုနဲ့ပဲ အမှိုက်ကိုအိမ်သယ်လာတာ တစ်ပတ်တိတိရှိနေပြီ။ အဝတ်အစားတွေလျှော်ဖွတ်မီးပူတိုက်ပေးလိုက်၊ အိမ်သန့်ရှင်းရေးလုပ်ပေးလိုက်နဲ့ပဲ အဲ့ချာတိတ်က Ryan အိမ်မှာ သောင်တင်နေတယ်။ ပင်မင်းပို့ရတာထပ် ပိုပြီးကော့ပြန့်နေတဲ့အကျႌတွေကိုကြည့်ပြီး Doctor Ryan အိမ်ထောင်ကျနေတာများလားဆိုတဲ့မေးခွန်းတွေက သမ္မတကိုပို့တဲ့စာလွှာတွေလိုပဲ အထပ်လိုက်အထပ်လိုက်နဲ့။ ငါမိန်းမမရသေးဘူးကွလို့ခွန်းတုန့်ပြန်ငြင်းဖို့ကလည်း ခက်တယ်ရယ်။ Ryan က အခုထိမစွံသေးတာ ဇီဇာကြောင်လို့ဆိုတဲ့အတင်းအဖျင်းတွေက ဆေးရုံထဲမယ် ဟိုပြောဒီပြောနဲ့ဆိုတော့ အခုလိုတလွဲအတွေးခံရတာကို ကျိတ်ပြီးအရသာခံနေလိုက်တယ်။ စိတ်ထဲမှာတော့ ပြုံးတုံးတုံးကြီး ဂုဏ်ဆာနေတာပေါ့။
ရူးကြောင်ကြောင်အဖြစ်အပျက်တွေကဒီလိုလဲ ဖြစ်လာတတ်တယ်ဆိုတဲ့အတွေးကလေး တစ်ချက်တစ်ချက်ဝင်လာတယ်။ အိမ်ပေါ်ခေါ်တင်ထားတဲ့အမှိုက်ထုတ်ကလေးရဲ့ နာမည်ကိုတောင်သူကမသိဘူး။ မေးလည်းမမေးဖြစ်ခဲ့ဘူး။ တစ်ပတ်ကနေတစ်ပတ်နဲ့တစ်ရက်၊ ဒီလိုနဲ့ဘယ်အချိန်တွေအထိ အိမ်အကူတစ်ယောက်လိုနေနေဦးမှာလဲ။ တစ်ယောက်ထဲသမားမို့ သူစိမ်းရှိနေတာအဆင်မပြေဘူးပြောရအောင်လည်း ချာတိတ်က ရှိနေတယ်လို့တောင်မသိရအောင်တိတ်ဆိတ်တယ်။
တစ်ပတ်နဲ့နှစ်ရက်ညမှာ Ryan ကပဲ "မင်းအလုပ်ရှာတာ ဘယ်လိုလဲ" ဆိုတဲ့မေးခွန်းနဲ့စပြီး ဆက်တိုက်မေးခွန်းတွေထုတ်ရတော့တယ်။