[ခွဲခွာခြင်း]
တမင်တကာကိုအိပ်ယာထနောက်ကျအောင်လုပ်နေတာ သုံးလေးရက်ရှိပြီ။ အလုပ်သွားချိန်နီးမှ အူယားဖားယားပြင်ဆင်မယ်။ ရုံးယူနီဖောင်းနဲ့အလုပ်သွားဖို့အသင့်ဖြစ်နေတဲ့ကောင်လေးက စောစောထပြင်ဆင်ပေးထားတဲ့မနက်စာစားပွဲဝိုင်းကို Ryan က လစ်လျူရှုမယ်။ ငါမစားတော့ဘူး၊အလုပ်နောက်ကျနေလို့ပေါ့။ အဲ့လိုအချိန်မှာဆို ကောင်လေးရဲ့မျက်လုံးတွေကညှိုကုန်တယ်။ ဝမ်းနည်းရိပ်တွေလွှမ်းလို့ပေါ့။ Ryan က ကောင်လေးကိုမေးချင်နေတာတွေအများကြီး။ အလုပ်အဆင်ပြေလားကအစထုတ်မမေးမိအောင် ထိန်းယူနေတယ်။ ဆေးရုံကြီးထဲကောင်လေးလုပ်သွားတဲ့အမူအယာက နောက်ဆက်တွဲသူ့သိက္ခာထိခိုက်လာစေမယ်လို့ သူတကယ်မတွေးမိရိုးအမှန်ပါ။
Doctor Ryan က ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နဲ့ ဘာလိုလိုဖြစ်နေတယ်တဲ့။ အတင်းအဖျင်းတွေကို နားထဲမထည့်ဘူးတဲ့Ryanက အခုတော့သိပ်ကိုခံပြင်းနေရတယ်။ ဘာလိုလိုဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို ငြင်းဆိုစရာစကားလုံးတွေထွက်မလာသေးဘူး။ နောက်ဆက်တွဲဖြစ်လာတာတွေက Ryan အဲ့ဒီကောင်လေးအပေါ်စိတ်မကြည်ဘဲ ခပ်ဝေးဝေးနေမိတော့တာပါပဲ။ အရင်လို Ryan ရဲ့အသုံးအဆောင်ပစ္စည်းတွေကို ကောင်လေးက ထိကိုင်ခွင့်မရှိတော့ဘူး။ မနက်စာအတူစားဖို့နေနေသာသာ မျက်နှာချင်းတောင်မဆိုင်မိတော့တဲ့အထိ သူတို့နှစ်ယောက်ရဲ့အခြေအနေက ရေခဲလိုဖြစ်နေပြီ။
Ryan ကိုယ်တိုင်လည်း ဒီလိုထင်မြင်ခံရတာကိုသိပ်ရှက်တယ်။ လိင်တူခြင်းကြိုက်နှစ်သက်ခြင်းဆိုတာ တခေတ်ထနေတဲ့ ကာလကြီးမှာ ဒါမျိုးအထင်ခံရတာ ရွံရှာတယ်။ သဘောထားသေးသိမ်တယ်ပဲပြောပြော Ryan က ဒါကိုသိပ်မုန်းလွန်းတယ်။ အဲ့ဒီနောက်ကွယ်ကအကြောင်းတရားကလည်း တွေးမိတိုင်းဒေါသသွေးတွေပွက်ပွက်ဆူလာစေတဲ့အထိမို့ Ryanက အဲဒီကောင်လေးကိုမျက်နှာချင်းမဆိုင်မိအောင်ထိန်းနေတယ်။ မျက်နှာချင်းဆိုင်လိုက်တာနဲ့ မင်းကြောင့်ငါဒီလိုအထင်ခံရတယ်ဆိုတာမျိုး အကြီးအကျယ်ရန်ရှာမိမှာသေချာပေါက်ပဲလေ။
Ryan က ဆရာဝန်တစ်ယောက်လုပ်နေပြီး သဘောထားမကြီးဘူးလို့ဝိုင်းပြောရင်ပြောကြမယ်။ ဆေးကျောင်းသားကလေးတွေထဲ ဟိုမရောက်ဒီမရောက်လေးတွေပါလာရင် Ryan က သိပ်မဲတယ်။ ကိုယ်ပိုင်ရာဘဝမှာပျော်အောင်မနေဘဲ ပြောင်းလဲပြုပြင်ချင်နေတဲ့လူတွေကို Ryan သဘောမတွေ့ဘူး။ ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဘုရားသခင်ဖန်တီးပေးထားတဲ့ဘဝကို ပြောင်းလဲချင်နေတာဟာ ဖန်ဆင်းရှင်ကိုထိကပါးရိကပါးလုပ်တာနဲ့တူတယ်လို့ယူဆတယ်။