[သက်တန့်၏ ဘဝသစ်]
နေမဝင်ခင်ထမင်းလေးဝင်နိုင်ဖို့ ရရာအလုပ်ဝင်လုပ်နေရတဲ့ သက်တန့်အတွက် ဘဝကစာမေးပွဲတစ်ခုလိုဖြစ်လာတယ်။ Ryan ရဲ့အိမ်ကနေထွက်လာခဲ့တဲ့ညကတည်းက သူဟာတကယ်ကိုလမ်းဘေးခွေးလေခွေးလွင့်တစ်ကောင်သာသာပဲ ရှိတော့တယ်။ မာကျူရီမီးတိုင်အောက်မှာ ကျုံ့ကျုံ့ကလေးထိုင်ရင်း မိုးလင်းခဲ့ရတဲ့ အဲဒီနေ့ကို သူ့ဘဝမှာဘယ်တော့မှမေ့မှာမဟုတ်ဘူး။ နောက်ပြီးကယ်တင်ရှင်အဲဒီလူကိုလည်း သူမမေ့ရက်ပါဘူး။ ဘဝမှညနောက်တစ်ကြိမ်ပြန်ဆုံခွင့်ရမယ်ဆိုရင် ကျေးဇူးဆပ်ခွင့်ရချင်ပါသေးတယ်။
ကျောခင်းစရာနေရာမရှိတဲ့ညတွေကို ဖုန်းရုံးကလုံခြုံရေးဝန်ထမ်းတွေရဲ့ တောက်တိုမယ်ရတွေလိုက်လုပ်ပေးရင်း ရုံးမှာပေတေပြီးနေတယ်။ ကျောခင်းစရာနေရာတစ်နေရာရဖို့အရေး ဝဝဖိုင့်ဖိုင့်နဲ့လုံခြုံးရေးတွေရဲ့ မတရားခိုင်းတာတွေကိုခံရတယ်။ လက်ဖက်ရည်လေးပြေးဝယ်ပေးလိုက်၊ စီးကရက်မီးညှိပေးရလိုက်နဲ့ အသေးအမွှားတွေကအစအပြုံးမပျက်လုပ်ရတယ်။ သူတို့စားပြီးသားအကျန်တွေစားရင် သူဗိုက်ဖြည့်တယ်။ မှတ်တိုင်ပျောက်နေတဲ့သူ့ခေါင်းထဲ ငါနေစရာထိုင်စရာရှာလို့ရအောင် ပိုက်ဆံလေးစုမိဆောင်းမိမှရတော့မယ်ဆိုတဲ့အတွေးဝင်လာပြီ။
ဘာသာစကားအခက်အခဲတွေကြားကနေ လုံးလည်ချာလည်လိုက်ရင်းပဲ အလုပ်ကပြုတ်ပြန်တယ်။ သူက တတိယအကြိမ်လမ်းဘေးရောက်ရပြီ။ အသည်းအသန်အလုပ်ရှာရင်း ကံကောင်းစွာနဲ့ပဲ flyer ဝေတဲ့အလုပ်တစ်ခုလုပ်ရတယ်။ ညမိုးချုပ်တဲ့အထိခြေတညောင်း လက်ကန်းတွေဝေပြီးတာတောင် ရတဲ့လစာကသူ့အတွက်ညစာဖိုးပဲကျန်တယ်။ ဘဝ ဆိုတဲ့စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်ကို ၁၇ နှစ်သားလေးသူက နားလည်စပြုလာပြီ။ ပထမဦးစားပေးစဉ်းစားမဲ့အကြောင်းအရာက ပိုက်ဆံ၊ ဒုတိယဦးစားပေးလည်းပိုက်ဆံ။ ကြမ်းတမ်းတဲ့အလုပ်တွေလည်း မျက်စိမှိတ်လုပ်ရင်းပိုက်ဆံအနောက်ကို အသည်းအသန်လိုက်တယ်။
တစ်လလောက်ရုန်းကန်ပြီးတာတောင်မှ စုဆောင်းမိတဲ့ငွေရယ်လို့မရှိသေးဘူးရယ်။ မှားယွင်းခြင်းရဲ့အစက မြို့ပေါ်တက်ပြီးအလုပ်ရှာပေးမယ်ပြောခဲ့တဲ့ ရွာကပွဲစားကြီးလည်းမဟုတ်ဘူး။ တိတ်တိတ်ကလေးလူကုန်ကူးနေတဲ့ တရားမဝင်အလုပ်အကိုင်ရှာဖွေးရေးအေဂျင်စီလည်း ဟုတ်မနေခဲ့ပါဘူး။ ဉာဏ်တုံးလွန်းတဲ့ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ရတယ်။ အီလက်ထရောနစ်တောင်သိပ်မထွန်းကားသေးတဲ့ အဲဒီရွာသေးသေးလေးမှာပဲ ရောင့်ရဲတင်းတိန်ခဲ့မယ်ဆိုရင် အခုလိုခွေးလေခွေးလွင့်ဘဝသူရောက်ရပါဦးမလား။ ဒီလိုနဲ့ပဲ ကြုံရာနေရာကျောခင်းရင်း၊ ကြုံရာအစားအစာတွေစားရင်း တချိန်ကခိုနားဖူးတဲ့ ခပ်နွေးနွေးအိမ်လေးကိုပါမေ့စပြုလာပြီ။