နောက်တနေ့မနက်အထိ အဲဒီနေရာမှာပဲ ဝရံတာသံတိုင်တွေကိုမှီလို့ Ryan ထိုင်နေမိစဲပဲ။ ဒူးတွေပိုက်ထားရတာကြာတော့ အားတောင်သိပ်မရှိတော့ဘူး။ အိပ်ရေးပျက်တာရော အစာမစားထားတာရောပေါင်းပြီး အသားတွေတဆတ်ဆတ်တုန်ရီနေတယ်။ မျက်ရည်တွေကျနေသလားမကျဘူးလားဆိုတာ မသေချာမရေရာပါပဲ။ ဆေးရုံကဖုန်းတွေတဂွမ်ဂွမ်ဆက်နေပေမယ့် Ryan မကိုင်ဖြစ်ဘူး။
နေ့လည်ခင်းရောက်တော့ ညှင်းသိုးသိုးဖြစ်နေတဲ့ခန္ဓာကိုယ်ကို ရေမိုးချိုးရင်းဆေးချတယ်။ ဆံပင်တွေကိုသေချာဖီးသင်ပြီး ကုန်တိုက်ကနေသက်တန့်ရွေးပေးခဲ့ဖူးတဲ့ ကုတ်အကျႌတစ်ထည်အပေါ်ကဝတ်တယ်။ သက်တန့်ပေးခဲ့တဲ့ keychain လေးကိုယူပြီး ဘောင်းဘီအိတ်ကပ်ထဲထိုးမထည့်ခင် လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသေးတယ်။
သွားတတ်တဲ့နေရာတွေဆီ...
ကုန်တိုက်တွေဆီ...
နောက်ပြီး အရင်က သက်တန့်အလုပ်လုပ်ပြီးနေခဲ့တဲ့ joe ရဲ့ဆိုင်ကိုတောင်သွားကြည့်ဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ ပုံရိပ်ယောင်တွေပဲပြည့်နှက်နေတာ၊ သက်တန့်ကိုတွေ့မြင်လိုက်ပြီးတိုင်းအဲဒီပုံရိပ်ကလေးဟာ အရင်ကမြင်ခဲ့ဖူးတဲ့သက်တန့်ဖြစ်နေပြီးပျောက်ကွယ်သွားတယ်။ အရင်ကအတူဖြတ်လျှောက်ဖူးတဲ့လမ်းတွေမှာ Ryan တယောက်တည်း နဝေတိမ်တောင်လျှောက်သွားရင်း ရယ်သံတွေတောင်နားထဲကြားနေမိသလိုလိုနဲ့ ခြောက်ခြားလိုက်တာ။စောက်ကျိုးနည်းဖုန်းက အဆက်မပျက်တုန်ခါနေတော့ Ryan စက်ပိတ်ပစ်ထားလိုက်ဖို့တောင်တွေးမိတယ်။ ဒါပေမယ့် လမ်းပျောက်နေတဲ့ကောင်လေး ဖုန်းခေါ်လာခဲ့ရင်ကော။
ဘောင်းဘီအိတ်ကပ်ထဲကနေဖုန်းကိုနှိုက်ထုတ်ပြီး ကိုင်လိုက်တယ်။ နောက်ပြီး ဘယ်သူခေါ်နေမှန်းတောင်မကြည့်မိဘဲ နောက်ထပ်ဖုန်းတွေဆက်ခေါ်မနေတော့ဖို့အော်ဟစ်ဆဲဆိုနေမိတယ်။ တစ်ဖက်က ဘာသံမှမပေးဘဲ Ryan ရဲ့နားဝင်ဆိုးလှတဲ့ဆဲဆိုသံကြီးကို အဆုံးထိပြီးအောင်နားထောင်နေဟန်တူပါတယ်။
"ဟန်နီ ရှင်အဆင်ပြေရဲ့လား"
Christina ရဲ့အသံမှာ ဝမ်းနည်းရိပ်တွေအပြည့်နဲ့။ Ryan ကလည်း သနားခံရတာကို မနှစ်သက်ချင်ပြန်ဘူး။ ငိုနေတဲ့ကလေးလေးတစ်ယောက်ကို အငိုတိတ်အောင်ချော့မှပိုငိုသွားသလိုပဲ Ryan ရဲ့ ဝမ်းနည်းလွယ်တဲ့ကလေးစိတ်ဉာဉ်ဆိုးလေးကို Christina က တူးဆွချင်နေတယ်။