ကောင်းကင်မှာ တဖြည်းဖြည်းမှောင်ရီပျိုးလာသည်။ လမ်းထိပ်ကားလမ်းဘေးဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်တွင်လည်း တစ်စထက်တစ်စ လူများလာသည်။ လက်ဖက်ရည်ဆိုင်းတွင်းရှိ ဘုံတီဗီအား ခေါင်းသိပ်မော့စရာ မလိုဘဲ သေချာမြင်ရသည့် နေရာတွင် ရာဇာနှင့်မာန်ပြည့်ထိုင်နေကြပါသည်။ မာန်ပြည့်က ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော်လည်း ရာဇာက လက်ဖက်ရည်ဆိုင်တွင်းသို့ လှည့်ပတ်ကြည့်နေသည်။
ဘောလုံးပွဲလာမည့်အချိန် နီးကပ်လာလေ လူပိုကျလာလေပင်။ ဆိုင်းအတွင်းတွင်သာမက ဘေးလမ်းမပေါ်ပါ ခုံများခင်းပေးထားရသည်။
ဆိုင်ရှင် ဦးဝတုတ်မှာ လူကျ၍ ပင်ပန်းသော်လည်း ရောင်းကောင်းနေသည်ဖြစ်၍ အပြုံးမပျက်။
ဘီယာကြောင့် ရထားသည့်ဗိုက်တစ်လုံးနှင့် ဟိုပြေးလိုက် ဒီပြေးလိုက်ဖြင့် ရေနွေးဓာတ်ဘူးလိုက်ချ၊ လက်ဖက်ရည်ခွက် လိုက်ချပေးဖြင့် ဗျာများနေပါသည်။"ဟေ့ကောင်တွေ ဒီမှာ.."
ဆိုင်ပြင်သို့ လက်လှမ်းပြနေသည့် မာန်ပြည့်ကြောင့် ရာဇာ့ မျက်ခုံးတို့တွန့်ချိုးသွားသည်။
"မာန်ပြည့် ဘယ်ကောင်တွေ ခေါ်ထားပြန်ပြီလဲကွာ"
စိတ်ရှုပ်သလို ရာဇာ့စကားကို မာန်ပြည့်က ရယ်သည်။
"မင်းကလည်း ကိုးတန်းနှစ်က ငါနဲ့ပေါင်းတဲ့ကောင်တွေလေ မမှတ်မိဘူးလား..ဘောပွဲအတူကြည့်ဖို့ ချိန်းထားကြတာ"
လုပ်ချင်တာ လုပ်ရလျှင် ပြုံးရွှင်နေသည့် မာန်ပြည့်ကြောင့် ရာဇာ ခွန်းတုံ့မပြန်တော့ပါ။ ပြောလည်း ရသည်မှ မဟုတ်ဘဲ။
မမှတ်မိဘူးလားပဲ ရှိရသေးတယ်။ မင်းပေါင်းခဲ့တဲ့ ကောင်တွေကို မင်းထက်မှတ်မိတယ် ပြောပါက ကြံဖန်ဂုဏ်ယူနေပါဦးမည်။ ဆိုင်အပြင်ရှိ မာန်ပြည့်ဘော်ဒါများက
ဆိုင်အတွင်းဘက်ရောက်နေသည့် သူတို့ရှိရာသို့ အတော်ပင် ကျော်ခွလာရသည်။ လက်ဖက်ရည်ဆိုင် အပြင်ဘက်တွင် ဆိုက်ကားဆရာများကလည်း ဆိုက်ကားရပ်၍ ဘောလုံးပွဲကြည့်ရန် စောင့်ဆိုင်းနေကြ၏။ရာဇာ့ရဲ့ ရှုသိုးသိုးအကြည့်ကြောင့် ထိုကောင်တွေ ခြေလှမ်းများ ခဏတန့်ကာ စပ်ဖြဲဖြဲဖြင့် ဝင်ထိုင်ကြ၏။ တော်သေးတာပေါ့ မာန်ပြည့်ကို ထောင့်ကပ်ထိုင်ခိုင်းပြီး သူက ဘေးမှပိတ်ထိုင်ထားလို့။ မဟုတ်ရင် မာန်ပြည့်ဘေးသို့ ပူးကပ်ကာ လာထိုင်ကြဦးမည်။
![](https://img.wattpad.com/cover/240731740-288-k639344.jpg)
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...