38

12.1K 1.6K 166
                                    

"ဘာမှ မပြောင်းလဲသွားဘူး။ အရာရာက အရင်အတိုင်းပဲ။ ငါက မင်းကို ချစ်ပြီး မင်းက ငါ့ကို ချစ်တယ်။ ပြောင်းလဲသွားမဲ့ အရာမရှိဘူး ငါ့ကိုယုံလေ..နော်"

မာန်ပြည့် ပါးပြင်လေးကို ပွတ်သပ်ကာ ရာဇာ ချော့မြူသည်။ မာန်ပြည့် စိတ်ထဲကို ဝမ်းနည်းစရာ  တစ်မှုန်တစ်မျှင်ပင် မဝင်စေချင်။ သူ့ကို ယုံစေချင်သည်။ အဆုံးထိ။ အဆုံးသတ်ထိ သူက မာန်ပြည့်နားမှာ ရှိနေမည့်အကြောင်းကို မာန်ပြည့်အား ယုံကြည်စေချင်သည်။

"အိမ်ပြောင်းဖို့က ဘယ်လိုလုပ်မှာလဲ"

မမြင်ရတာ ကြာခဲ့ပြီ ဖြစ်သော ခံစားချက်မဲ့နေသည့် မျက်ဝန်းများကို တစ်ဖန် ပြန်ရင်ဆိုင်လိုက်ရသည်။ ရာဇာ ခေါင်းကို ခပ်တွင်တွင် ခါပြလိုက်သည်။

"ဒါ ငါ့အိမ်လေ ဘယ်ကို ပြောင်းရမလဲ"

"အူကြောင်ကြောင် လုပ်မနေနဲ့ ရာဇာ။ မင်း ငါ့ကို ထားခဲ့ရတော့မှာ။ မင်းအဖိုးအိမ်ကို မင်းက သွားကိုသွားရမှာ။ မင်း နားလည်လား ဟမ်..မင်း အဖိုးရဲ့ အရှိန်အဝါတစ်ခုကို မင်း သိရဲ့လား။"

တောင့်ခံလာခဲ့သမျှ မာန်ပြည့်စကားနဲ့မှ အက်ကွဲပြိုကျသွားရသည်။ သူ့ကို မယုံကြဘူးလား။ အမေရော၊ မာန်ပြည့်ရော သူ့ကို မယုံကြည်ပေးနိုင်ကြတာလား။

အုတ်တံတိုင်းတစ်ချပ်လို ကာကွယ်ပေးချင်စိတ်နဲ့ သူ ကြိုးစားရုန်းကန်ခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝေဝါးဝါး ဖြစ်လာတဲ့အထိ အိပ်ရေးပျက်မှုတွေကြောင့် သူ မူးဝေခဲ့ဖူးတယ်။ ဝေလီဝေလင်းအချိန် အလုပ်က ပြန်လာတဲ့အခါ ဓာတ်တိုင်ကို မှီချပစ်ပြီး မှေးပစ်လိုက်ရတဲ့အထိ ပင်ပန်းခဲ့ဖူးတယ်။

"ငါ့ကိုယ်ငါ ထိန်းကျောင်းပြီး လူပီသအောင် နေခဲ့တယ် ဒီအသက်အရွယ် ရောက်မှ ခွေးတစ်ကောင်လို ထိန်းကျောင်းခံမယ် ထင်နေလား။ ငါ့ကို အထင်သေးကြတာပဲ။ ပိုက်ဆံရှိ အဖိုးတစ်ယောက်ရဲ့ ခြေဖဝါးအောက်ကို ဝပ်ဆင်းသွားမယ့် ခွေးတစ်ကောင်လို့ မင်းရော ထင်နေတာလား"

ရာဇာက နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ တစ်ကြိမ်တစ်ခါပင် မကြည့်ဖူးသည့် ခံပြင်းမှုနဲ့ နာကြည်းချက်တွေ အချိုးကျ ထည့်ထားသည့် အကြည့်မျိုးနဲ့ မာန်ပြည့်အား ကြည့်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now