15

12K 1.8K 172
                                    

စက္ကူရွက်လေးလို လေနှင်ရာ လွှင့်မျောတော့မည့် အမေ့ ခန္ဓာကိုယ်လေးက ရာဇာ့ထံ မှီကပ်ထားသည်။ အမေ့ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ရင်း လဲမကျသွားစေရန် သူထိန်းပေးထားသည်။ အမေ့အတွက် သူကြံ့ခိုင်ရမည်။ စိတ်ကိုတင်းထားရန် အမေ့ပုခုံးသားနှင့် ထိနေသည့် လက်ချောင်းတွေမှာ အားမထည့်ရက်၍ ခြေချောင်းများကို အားထည့်ကာ စုကုပ်ထားရသည်။ ပန်ပန်ကတော့ အသုဘ လာပို့ပေးသည့် သူ့အမေအရင်းဘေး ကပ်ထိုင်နေသည်။

သစ်သားခေါင်းတလားထဲက အဖေ့ရုပ်အလောင်းထက်မှာ ပါကင်မဖောက်ရသေးသည့် ရှပ်အင်္ကျီအဖြူကွက်လေး ရှိနေသည်။ အရက်ကြောင့် ဘဝကူးရသည့် အဖြစ်ကို လက်တွေ့ကြုံတွေ့လိုက်ခြင်း ဖြစ်သည်။
တံတောင်ဆစ်ပြဲနေသည့် ရှပ်အင်္ကျီနှင့် အိမ်ပေါ်တက်သွားသည့် ကျောပြင်က မျက်ကြည်လွှာထဲ ပီပီပြင်ပြင်ပ်ါလာ၍ မျက်လုံးတို့ကို စုံမှိတ်ချလိုက်သည်။ ခွဲခွာခြင်း ပြယုဂ်တွေ ပြည့်နေသည့် ရေဝေးတွင် ငိုသံတို့ကို ဆူညံလို့နေသော်လည်း ရာဇာတို့ဆီမှ မဟုတ်။ ရာဇာတို့ အသုဘကတော့ တိတ်ဆိတ်ကာ ငြိမ်သက်ကာဖြင့်။
မာန်ပြည့်နဲ့မေချိုကတော့ အသုဘလိုက်ပို့ပေးသည့် ရပ်ကွက်ထဲက သူများကို ဘယ်ချိန်က လုပ်လိုက်မှန်းမသိသည့် အသုဘယပ်တောင်နှင့် ရေဘူးများ ဝေပေးနေသည်။

"ကိုကို.."

အမေ့၏ အက်ကွဲနေသော အသံထွက်ပေါ်လို့လာသည်။ ရာဇာ မကြားဖူးသည့် နာမ်စားတစ်ခုပင် ဖြစ်သည်။ အသက်မရှိသည့် ရုပ်အလောင်းကို ကြည့်ရင်း ခေါ်သည့် အမေ့အသံမှာ အားကိုးခြင်းတွေ ပါနေဆဲပင်။

"မေ့ကို စိတ်ချပြီး..ကောင်းရာမွန်ရာကို စိတ်ချလက်ချ သွားပါ"

အဖေက အမေ့ကို စိတ်မချဖြစ်နေမည်လား။ သက်ရှိထင်ရှားအချိန်မှာတောင် အမေ့ကို အပြည့်အဝ ဂရုစိုက်မှုမပေးသည့် အဖေကလေ။ သို့သော် အဖေက အမေ့ကို ရာဇာ့ထံ အပ်သွားသေးသည်ပဲ။

"ဖြစ်ခဲ့သမျှအားလုံးမှာ ကိုကို့အပြစ်မရှိပါဘူး"

အမေက အဆုံးထိ အချစ်မျက်ကန်းမလေးပင် ဖြစ်နေပါသည်။

နာရီပိုင်းအကြာမှာ..အဖေက..မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက် ပျံသန်းသွားပါတော့သည်။
...................................................
"ဒီလိုတွေ ဖြစ်လာမှတော့ ပန်းသခင်ကို ကျွန်မ ပြန်ခေါ်သွားလိုက်ပါတော့မယ်"

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now