28

12.5K 1.7K 121
                                    

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့

တောင်ပေါ်ဒေသ၏ ရာသီဥတုဖြစ်၍ ခိုက်ခိုက်တုန်အောင် ချမ်းအေးသည်။ ဒဏ်ရာများကြောင့် လူက အဖျားတက်ချင်လာသည်။ မျက်နှာထက် တိုက်ခတ်လာသော လေအေးများကြောင့် သွားများပင် အပေါ်အောက် ရိုက်ခတ်လို့နေသည်။

ဒီရာသီဥတုနဲ့ ဆိုင်ကယ်စီးလျှင် သူလေဖြတ်သွားနိုင်သော်လည်း ရန်ကုန်လို ဘတ်စ်ကားတိုးစီး၍ ရသည့်ဒေသမဟုတ်ပေ။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကာ ကြည့်တော့ ဆိုင်ကယ်ကယ်ရီ သမားများက သူ့အား စုပြုံ၍ ကြည့်နေကြသည်။

မတတ်နိုင်။ ရောမ ရောက်လျှင် ရောမလို ကျင့်ရမည်။ ကျောပိုးအိတ်ကို တစ်ချက်ပင့်ကာ ဆိုင်ကယ်ကယ်ရီရပ်နားသည့် နေရာသို့ ခြေလှမ်းလိုက်သည်။

"ဒီလိပ်စာကို သွားချင်လို့ပါဗျ"

သူပြသည့် လိပ်စာကို ဖတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ကာ မျက်လုံးဖြင့် စကားပြောနေကြသည်ဟု သူထင်သည်။

"တက် တက်"

"ဘယ်လောက်လဲဗျ"

အတင်းသား ထိုးတက်ခိုင်း၍ ဈေးနှုန်းမေးလိုက်သော် လက်သာခါပြသည်။

"မဟုတ်ဘူးလေ ဈေးပြောမှတက်မှာပေါ့ဗျ"

"သခင်ကြီးတို့အိမ်ကို လာတဲ့ ဧည့်သည်တွေ ပိုက်ဆံ ပေးစရာ မလိုဘူး"

ရှမ်းသံ ဝဲဝဲဖြင့် ပြန်ဖြေလာသည်။ အခုချိန်မှ မစီးတော့ပါက ဝိုင်းရိုက်မည့် အနေအထားရှိ၍ မာန်ပြည့် ကြောက်လန့်လန့်ဖြင့် ဆိုင်ကယ်နောက်သို့ တက်လိုက်သည်။

တောင်တက်လမ်းဖြစ်၍ လေဟုန်ကိုဆန်တက်သလို ဖြစ်နေသော်လည်း ရှုခင်းများကြောင့် အေးရမည်ကိုပင် မေ့လျော့သွားသည်။

တစ်ဖက်တွင် ကျောက်သားနံရံများ ဖြစ်ပြီး တစ်ဖက်တွင် ထင်ရှူးပင်များ နှင့် ဘာမှန်းမသိသည့် အပင်များကြားမှ မြင်ရသည့် တောင်ခြေမြို့လေး၏ အပေါ်စီးမြင်ကွင်းက အမေကြည့်နေကြ Korea ကားထဲရှိ ဒေသများကို ရောက်ရှိသွားသလို ခံစားရသည်။ အိမ်အမိုးကို အုတ်ကြွပ်များသာ သုံးထား၍ မြင်ရသည်မှာ တစ်ညီတည်း တစ်တန်းတည်း ရှင်းလို့နေသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Место, где живут истории. Откройте их для себя