ရာဇာနဲ့ မာန်ပြည့် တို့ အိမ်နောက်ရှိ သရက်ပင်အောက်တွင် ထိုင်ကာ တိတ်ဆိတ်နေကြသည်။ သရက်ပင်ကို ပတ်လည်ဝိုင်း၍ ကွပ်ပျစ်ပုံစံအမြင့်လေး ဆောက်ထားကြသည်။
မာန်ပြည့်က ပါးစပ်ထဲရှိ ဆေးလိပ်အစားထိုး ချိုချဉ်စုပ်လုံးကို လှည့်ကာလှည့်ကာ စုပ်သည်။ ရာဇာကတော့ မှိုင်တွေကာ မျက်နှာမကောင်း။"ပန်ပန်က အရမ်းဖိအားများနေတယ်"
တရွေ့ရွေ့ ကုန်ဆုံးလာသော နာရီလက်တံတွေ နောက်မှာ ပန်ပန့် ဆယ်တန်းစာမေးပွဲလည်း နီးကပ်လာသည်။ ပန်ပန့်က စာမေးပွဲ ဖိအားတွေ များနေမှန်း အလွန်သိသာသည်။ ညဘက်တွေလည်း တစ်ညလုံး မအိပ်ဘဲ စာထိုင်ကျက်နေတတ်သည်။ တစ်ခါတစ်လေ စာအုပ်ဘေးချကာ ငို၍ ဆူတစ်လှည့် ချော့တစ်လှည့် လုပ်ရသည်။
"ဆရာမတွေကိုက ကလေးတွေကို ခြောက်လွန်းတာပါကွာ..ဆယ်တန်းစာမေးပွဲက ဘဝတိုက်ပွဲတို့ ကံကြီးတာ ဉာဏ်ကြီးတာတွေ လိုက်ပြော၊ ဓားတောင်လိုလို မီးပင်လယ်လိုလိုပြောနေတော့ ကလေးက ကြောက်ပြီပေါ့၊ တကယ်ဆို စာမေးပွဲပဲ နည်းနည်းပိုခက်တာပဲ ရှိမယ်။ ဒီလောက်ဆို တော်ပြီပေါ့..မင်းက နားလည်အောင် ရှင်းပြလေ"
စောနကပင် မှိုင်တွေငေးမော နေသည့် ရာဇာက မာန်ပြည့်ကို ပြုံးကာ ကြည့်နေသည်။ သူ တစ်ခွန်းဆို မာန်ပြည့်က စိတ်ပါရင် ထိုကဲ့သို့ စကားများစွာ ပြန်ပြောရင်း တစ်ဖက်လူ အပြစ်ကို ရှာကြံတတ်ပါသည်။ ဒါက ငယ်စဉ်တည်းက အကျင့်။
"ရှင်းပြပါတယ်ကွာ..မင်းလည်း တွေ့နေတာပဲ"
ရာဇာက မာန်ပြည့် ကိုယ်ပေါ် မှီကာ လှဲချလိုက်ပြီး ကြယ်ရောင်မစုံသော ကောင်းကင်ကို မော့ကြည့်နေသည်။
"ဒါဆို ပန်ပန့်ကို ငါပြောမယ်ကွာ..မင်း ဝင်မပါနဲ့"
မာန်ပြည့်က ငုံ့၍ ရာဇာ့ဆံပင်တို့ကို နောက်သို့လှန်ကာ ပွတ်သပ်ပေးသည်။ ထို့နောက် ထင်ထင်ရှားရှား ပေါ်လာသည့် နဖူးပြင်ကို "ဖြန်းကနဲ" ရိုက်ချပစ်လိုက်၏။
"နာတယ်ကွ!! မင်းနဲ့ ပန်ပန်က မျက်လုံးချင်းဆုံတာနဲ့ ကိုက်ပြီ"
"မကိုက်ဘူးကွာ..ကတိပေးတယ်..လိုက်မလာနဲ့နော် ငါ စကားသွားပြောမယ်"
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...