4

14.2K 2.1K 157
                                    

"နောက်နှစ်က စပြီး ဆယ့်တစ်တန်း ဖြစ်ပြီ..သင်ရိုးတွေလည်း ပြောင်းကုန်မယ်။ ဒီနှစ်မှ မအောင်ရင် မင်းတို့ ဆယ်တန်းအောင်ဖို့ ခက်ခဲသွားမယ်"

နှုတ်ခမ်းနီကို ရဲတောက်အောင် ဆိုးထားသော ဆရာမက အတန်းရှေ့မှာ ရပ်၍ ကျောင်းသားများကို ခြိမ်းခြောက်နေသည်။ ECO တန်း၏ နောက်ဆုံးခန်း ဖြစ်တာကြောင့် ဆရာ/ဆရာမများက သူတို့ အတန်းကို ဘယ်သော အခါမှ အထင်မကြီး..ထိုကဲ့သို့ နှိမ်ချသည့် ဆုံးမစကားတို့ကိုသာ ဆိုလေ့ရှိသည်။ စာတော်သူ ကျောင်းသားများရှေ့တွင်တော့ ထိုဆရာမက သွားဖုံးများ ပေါ်အောင်ပင် ရယ်တတ်သည့် သဘောကောင်းသော ဆရာမပင် ဖြစ်သည်။

စိတ်ထားမကောင်းမွန်တဲ့ သူတွေ အရည်အချင်းရှိရင် သိပ်ကြောက်စရာကောင်းကြောင်း အမေ ပြောပြလေ့ရှိသည်။ အရည်အချင်းရှိတဲ့ ဆရာမတစ်ယောက်က တပည့်တွေအပေါ်ကို ဖြူစင်စွာ ချစ်တတ်ဖို့ လိုသည်။ ဆယ့်တစ်တန်းသာ မှီခဲ့ရင် မင်းတို့ ဆယ်တန်းမအောင်နိုင်ကြောင်းကို တစ်ဖက်လှည့်နဲ့ ပြောခြင်းက ကျောင်းသားတွေ စိတ်ထဲ အငုံစိတ် ဖြစ်စေကြောင်း ထိုဆရာမကို မာန်ပြည့် သိစေချင်သည်။

မာန်ပြည့်လည်း ဆယ်တန်းအောင်ချင်သည်။ အမေ့ကြောင့်လည်း မဟုတ်။ ရာဇာ့ကြောင့်လည်းမဟုတ်။

အင်္ဂလိပ်လိုလည်း မတတ် ဗမာလိုလည်းနားမလည် သည့် ပညာရေးစနစ်မှ ကျွတ်ချင်သောကြောင့်ပင် ဖြစ်သည်။

Chemistry , Physic တို့ကို နှုတ်တိုက်ကျက်နေကြသော်လည်း သေချာနားမလည်ကြပါ။ ပါဝင်သည့် အင်္ဂလိပ်စာလုံးပေါင်းများကို မှတ်နေရသည်နှင့် အဓိပ္ပာယ်သိအောင် မကြိုးစားနိုင်ကြတော့ပေ။

......................................

လက်ဆောင်ပေးသည့် နေကြာပန်း ခေါင်းစည်းကြိုးက EC ခေါင်းထက်မှာ ပွင့်လန်းလှပနေသည်။ ချက်ချင်း အသုံးပြုပေးသော EC ကြောင့် ရာဇာ့ စိုးရိမ်ပူပန်စိတ်တို့ လျော့ကျသွားသည်။ မာန်ပြည့်ကိုလည်း စိတ်ထဲမှ လှမ်းကျေးဇူးတင်မိလိုက်သည်။

အပိုသုံးမိခဲ့သည့် ၂၈၀၀ အတွက် ထမင်းကြမ်းကို ပဲပြုတ်နှင့်ကြော်ထားသည်ကိုသာ နေ့လည်စာ အဖြစ်ထည့်လာလိုက်သည်။ အဖေက အရက်မူးလာတတ်သော်လည်း အမေ့ကိုတော့ ဈေးဖိုးပုံမှန်ပေးလေ့ရှိပါသည်။ ထိုကြောင့်သာ အပိုကုန်သည့် တက္ကသိုလ် ပညာသင်စရိတ်ကို သူကိုယ်တိုင်သာ ရှာသုံးသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now