ယခင် နှစ် ပိုင်းကတည်းက အမှုတွေမှာ တကယ်ကိုလက်သည်မပေါ်သေးတာဖြစ်သည်။ ရှိန်းနောင် အစောကြီးထပြီး နီးစပ်ရာ ကွင်းဆက်တွေ ဆက်ကာ မြေဖြူတစ်ခဲဖြင့်ကျောက်သင်ပုန်းတွင် ရေးခြစ်နေခဲ့သည်။အာရုဏ်ဆွမ်း လောင်ပြီးပြန်လာသော နွယ်ခက်ချိုက အခန်းတံခါးကိုလာခေါက်မှ နံနက်မိုးစင်စင်လင်းမှန်း သတိထားမိတော့သည်။
" ကိုကိုကြီးရေ ။ နွယ်ရယ်မနက်စာပြင်ထားပေးတယ် မျက်နှာလေးသစ်ပြီးစားရုံပဲနော် "
အခန်းတွင်းမှထွက်လာတဲ့ ရှိန်းနောင်၏ပုံစံမှာအတော်ကိုပင်ပန်းနေတဲ့ပုံပေါက်တာမို့ နွယ်ခက်ချို မျက်နှာမဲ့လိုက်မိသည်။
" ညကလည်းမအိပ်ပြန်ဘူးလား ။ နွယ်ပြောတာ...."
" တော်ပါတော့ မမနွယ်ရယ် ။ ကျွန်တော်မျိုးခေါင်းတွေကိုက်လို့ပါ တော်ပါတော့ "
သူမဟန့်တားလျှင် ခါးထောက်လို့ အအိပ်တရားဟောနေသည်မှာတော်တော်နဲ့ဆုံးမည်မဟုတ် ။ မျက်နှာသစ်နေစဥ် သြရှရှအသံနဲ့ မျက်ဝန်းညိုတွေ ပြန်မြင်ယောင်မိတဲ့အခါ ရှိန်းနောင် အနည်းငယ်တွန့်ဆုတ်သွားခဲ့သည်။
သူ့မိဘနှစ်ပါးလုံးအသတ်ခံခဲ့ရပြီးနောက် တစ်စုံတစ်ယောက်က သူ့အတွက်စိတ်ပူပေးကာသူ့အတွက်နဲ့ ' ခက်ရချည်ရဲ့ ' ဆိုပြီး တွေးတောပူပန်ခဲ့ပေးဖူးသူ မရှိခဲ့ချေ။
" အိုး ။ ငါဘာတွေ တွေးတာပါလိမ့် "
မျက်နှာသစ်ဆေးကြောပြီးတဲ့အခါ အကွက်ကျဲကျဲမာဖလာကိုလည်ပင်းမှာပတ်လို့ ဦးထုပ်စောင်းလေး ခေါင်းပေါ်ဟန်ကျကျင်တင်ကာ သူကြီးဆီသွားရန်ပြင်လိုက်သည် ။
ကျော့မော့သန့်ရှင်းကာ သူဌေးရုပ်ရည်က လုံပျိုမေတွေကြားတမျိုးတဖန် ရေပန်းစားလေသည်။ ရှိန်းနောင်ကို မသိမသာခိုးကြည့်လို့ရှက်သွေးဖြာနေသော လုံမအချို့ကို သူကြီးဦးစံက ချောင်းဟန့် တားဆီးလိုက်သည်။
" မြို့အုပ်မင်း ကြွပါဗျာ "
ငါးရံ့ခြောက်ဖုတ်မီးကင်ပြီးဆီစိမ်ထားသော ပန်းကန်နှင့် ရေနွေးကြမ်းပူပူလေးဖြင့်ဧည့်ခံခြင်းကို ရှိန်းနောင် တကယ်ကိုသဘောကျမိသည်။