ထိုအရာမှာ တစ်ခဏတာဆိုရင်တောင်ပျော်ရွှင်ဖို့ထိုက်တန်၏။ အချစ်ဟူသည် အမျိုးမျိုးအဖုံဖုံသောခံစားချက်အားပေးစွမ်းသော အာရုံလေးဖြစ်ချေသည်။လက်ချင်းတွဲလို့ တစ်ဘဝလုံးအကြင်သူနှင့်ပေါင်းဖက်ဖို့ဆိုတာ တွေးကြည့်ရုံနဲ့တင် ရှိန်းနောင် ရင်ထဲလှိုင်းလုံးအထပ်ထပ်လိမ့်တက်လာသလို ခံစားရစေသည် ။
တစ်မြို့တစ်ရွာတွင်တာဝန်ကျလျှင် ငါးနှစ်တာမျှသာနေထိုင်ရပြီး ဒေသအလိုက်ပြောင်းရွေ့နေရသောသူလိုလူဟာ အိမ်ထောင်ပြုဖို့ဘယ်တုန်းကမှမတွေးလင့်ခဲ့ချေ။
အိမ်ထောင်ပြုဖို့အထိ မချစ်ခဲ့ဖူးသလို တစ်စုံတစ်ယောက်ထံမှ မြတ်မြတ်နိုးနိုးအချစ်မခံခဲ့ရဖူးတာလည်း ဖြစ်နိုင်လိမ့်မည် ။
ရွာတွင်းရှိတချို့သောအိမ်တွေကလွဲရင် ပတ်ဝန်းကျင်မှာဆိတ်ငြိမ်လို့ မှောင်မည်းနေ၏။
" ကျုပ်ကငါးနှစ်ပြည့်တာနဲ့ပြောင်းရမှာ ။ ဘယ့်နှယ့်လည်း ကိုဘမောင် ခင်ဗျားဒီဒေသက ခွာနိုင်ရဲ့လား "
" ယောင်နောက်ဆံထုံးပါဆိုသလိုပေါ့ မောင့်နောင်နောက် တကောက်ကောက်လိုက်ဖို့ မောင်ဆန္ဒရှိပါတယ် ဗျာ ။ ရှိပါတယ် "
ရှိန်းနောင် လသာဆောင်၏လက်ရမ်းကိုအားထည့်ဆုပ်ကိုင်ရင်း စကားရှာနေ၏။ အငြင်းစကားဆိုနေသူမှာ သူကိုယ်တိုင် ဖြစ်နေသော်လည်း အငြင်းခံရမှာ ကြောက်နေမိသူမှာလည်း သူကိုယ်တိုင်သာဖြစ်နေခဲ့သည် ။
" အပြန်လမ်းမရှိတဲ့လမ်းတွေကိုလျှောက်ဖို့ ဆန္ဒမစောနဲ့ ကိုဘမောင်ရဲ့။ ခင်ဗျားထွက်သွားဖို့ ဆန္ဒရှိတဲ့အချိန်မှ ကျုပ်က ပေးမသွားနိုင်ရင်..."
" စကြာဝဠာ အပြင်ဘက်မှာ သစ်ပင်ဘယ်နှပင်ရှိလည်း ရေတွက်နေမဲ့အစား မောင့်ကိုသာပိုချစ်ပေးပါလားမောင့်နောင်ရယ် ။ ဇရာထောင်းလို့ အရိုးတံအဖြိုင်ဖြိုင်ထွက်ရင်တောင် အဲ့အရိုးလေးတွေအထိ မောင်ကမြတ်နိုးနေမှာ "
ခြေလှမ်းတစ်လှမ်းချင်းတိုးလို့ နောက်ကျောမှပွေ့ဖက်ရင်း ပခုံးသားထံမေးငုံ့တင်လို့ ဘမောင် ရှိန်းနောင်၏ လည်တိုင်သွယ်သွယ်အား မထိတထိနမ်းရိူက်လိုက်၏။