ပင်လယ်ကမ်းခြေတလျောက်မှာသဲသောင်ပြင်ချည်းမို့ ဖိနပ်စီးရန်အဆင်မပြေတာကြောင့် နှစ်ဦးသားဖိနပ်ချွတ်ရင်းသာလျှောက်လှမ်းကြ၏။ပင်လယ်ကျွန်းစွယ်ထဲနစ်မြုတ်တော့မည့်နေမင်းကြီးကြောင့် အပြာရောင်ပင်လယ်ပြင်မှာသွေးနီရောင်ခြယ်ထားသည့်နှယ် ။
လှိုင်းသေးသေးမှာ ခြေဖဝါးထိပ်သို့ကျီစားရင်းပင်လယ်ထဲပြန်လည်ပြေးဆင်းသွားပြန်လေသည်။
လက်ချင်းယှတ်လို့ ပခုံးချင်းထိကပ်ကာရှေ့ဆက်လှမ်းလေသောခြေလှမ်းတိုင်းမှာတူညီစွာ ။
ကမာခွံလေးတွေတွေ့တိုင်းဘမောင်ကပြေးကောက်ကာ ရှိန်းနောင်၏လက်ဖဝါးထဲတယုတယထည့်ပေးလေသည် ။
ရောင်စုံနေသောအညို အပြာ ဝါနုနုကမာခွံကလေးတွေမှာ လက်တစ်ခုပ်ပြည့်လုနီးပါးပင်ဖြစ်နေ၏။
" မောင် တော်ပြီလေ လက်ထဲပြည့်နေပြီ "
" မောင့်ပုဆိုးခါးပိုက်ထဲထည့်လိုက် "
ရှေ့မှပုဆိုးစအားဖြည်ပေးလို့ ဘမောင်ကတော့ရသမျှ ကမာခွံကလေးတွေကိုမနားစတမ်းသိမ်းဆည်းနေလေသည်။
" အများကြီး ဘာလုပ်မို့လည်း မောင်ရယ် ။ ပြီးရင် ပျောက်ကုန်မဲ့ဟာ "
" ကော်ဗူးအကြည်လေးဝယ်ပြီး သိမ်းထားမယ်လေမောင့်နောင်ရယ်။ ပင်လယ်ကြီးက ပေးတဲ့မောင်တို့နှစ်ယောက်ရဲ့လက်ဖွဲ့ပေါ့ "
လပြည့်လကွယ်ရက်ဆိုရေတက်ရေကျရှိတာကြောင့် ပင်လယ်ရေ၏ ရေဆင်းကျနှုန်းကပုံမှန်လည်းမရှိချေ။
လှိုင်းလုံးတွေက ကျောက်ဆောင်တွေကိုရိုက်ခတ်ကာ လှိုင်းငယ်တွေကတော့သဲသောင်ပြင်နှင့်ဆော့ကစားနေသည်။
" မောင့်ချစ်သည်း "
လှိုင်းတစ်ချက်အပုတ်နှင့်လေတစ်ချက်အဝေ့မှာ ရင်ခုန်သံဟာငြိမ့်ခနဲ။ ခပ်ရှရှအသံမှာ နှလုံးသားထဲထိစွဲလို့ နံဘေးမှာအရာခပ်သိမ်းဟာဆိတ်ငြိမ်ကာ အကြင်သူ၏ အသံသာ မြည်ဟည်းနေသည်။
" ပြောလေ မောင် "
" အရင်လူကိုပဲ ဒုတိယအကြိမ်မြောက်တောင်းဆိုခြင်းပါ ။ မောင့်ကိုလက်ထပ်ပါ။ ကြမ်းတမ်းတဲ့ လောကဓံထဲမှာ မောင်က မောင့်ချစ်သည်းအတွက် အိမ်လေးတစ်လုံး ဒါမှမဟုတ် ထီးကလေးတစ်လက် ဖိနပ်ကလေးတစ်ရံ ဖြစ်ချင်လို့ "