ပွဲတော်ရက်ကနီးသထက်နီးလာပေပြီမို့ မြို့တော်နှင့် ကျေးရွာအများစုမှာ ခရီးသွား ၊ အိမ်ပြန်များဖြင့်စည်ကားသိုက်မြိုက်နေတော့သည်။
မှုခင်းရှင်းလင်းရေးအဖွဲ့နှင့်မြို့တော်လုံခြုံရေးအဖွဲ့ပူးပေါင်းလို့ ကင်းအဖွဲ့တွေအတွက် နေရာချနေသော ရှိန်းနောင်မှာ အစားမမှန်အအိပ်မမှန်ဖြင့် မျက်ကွင်းလေးတွေတောင်ညိုမည်းနေတော့သည် ။
ဘမောင်ကိုယ်တိုင်လည်း ဇာတ်အဖွဲ့အတွက် လူခေါ်ရင်း အလှူငွေ စာရင်းတွေဖြင့်ရှုပ်လို့ ပူပူနွေးနွေးရည်းစားလေးဘေးတောင်မကပ်နိုင်ချေ။
ညနေစောင်းတဲ့အခါ ရေမိုးချိုးပြီးတာနဲ့ ပေါင်ဒါမှုန့် တဖုတ်ဖုတ်ပုတ်ရင်း ရှိုးအပြည့်ထုတ်ကာ မြို့အုပ်ရုံးဆီ ချီတက်တော့သည်။
သွားလေရာလမ်းမကြီးက အရိပ်အာဝသကောင်းကာ မန်းကျည်းပင် ၊ ထန်းပင် ၊ လက်ပံပင်တွေဖြင့် ရူမငြီးဖွယ်စိမ်းလန်းနေ၏။
အိတ်လေးစွဲလို့ ခပ်ယဲ့ယဲ့လျှောက်လာတဲ့ ပုံရိပ်လေးကိုမြင်တဲ့အခါ ထိုရူမငြီးဖွယ်ပုံရိပ်တွေက အနည်းငယ်တောင် ကြည့်မလှဖြစ်သွားသလိုထင်ရသည်။
" မတွေ့ရတာ နှစ်ရက်ကြာပါပေါ့ ကိုရှိန်းနောင် မောင်ဖြင့် သတိတွေကို ရလို့ဗျာ "
ရှိန်းနောင်က ဘေးဘီဝဲယာကိုအရင်လိုက်ကြည့်လေသည်။ ဘမောင်၏ မဆင်မခြင်အပြောတွေကို အခြားသူတွေကြားရင်ဖြင့်။
" ကိုဘမောင်လည်း ဒီရက်အတွင်းအလုပ်ရှုပ်နေတယ်မလား ကျုပ်ဆီ မလာလည်းရပါ့ "
" လောကမှာ တားဆီးလို့မရတဲ့ထဲ မောင် ကိုရှိန်းနောင်ကိုချစ်တဲ့စိတ်နဲ့ သတိရတဲ့စိတ်လည်းပါနေပါတယ် မတွေ့ရ မနေနိုင်ပေါင် "
ရှိန်းနောင်က ပြုံးလို့ခေါင်းငုံ့လိုက်၏။ လက်ပံပင်အောက်ရောက်တဲ့အခါ ဘမောင်က ခေတ္တရပ်လို့ အပင်အောက်ခြေနားက လက်ပံပွင့်အား ခုန်ခူးကာ ရှိန်းနောင်၏ နားရွက်ကြားညှပ်ပေးလိုက်၏။
ပွင့်ချပ်နီနီလက်ပံပွင့်လေးနှင့်အပြိုင်နီရဲနေသော နားရွက်လေးမှာ သူထိုးစိုက်ပန်ဆင်ပေးထားတဲ့ပန်းပွင့်ကိုကြည့်ကာ ဘမောင်ကပြုံးနေလေသည်။