ညဥ့်ဦးယံတွင် တောတွင်းမှ ခွေးအအူသံနှင့်အတူ ပိုးကောင်တွေ၏ တကျစ်ကျစ်အော်သံကို ပီပြင်စွာကြားနေရပြီး ခြေတံရှည်ကျွန်းနှစ်ထပ်အိမ်ကြီး၏ လသာဆောင်တွင်တော့ ရှိန်းနောင်၏ ပေါင်ပေါ်ခေါင်းခုလို့ ဘမောင်ကလှဲလျောင်းနေသည်။လမင်းဟာကွေးကွေးလေးဖြင့်ထွန်းလင်းနေကာ အမှောင်ထုအားအံခဲလို့ အလင်းဖြာပေးနေသည် ။
ရှိန်းနောင်ဘမောင်၏ ကတုံးဆံပင်တိုတိုစူးစူးတွေအား လက်ဖဝါးဖြင့်အသာပွတ်သပ်ပေးကာ ဦးချိုစောင်းနားတွင်ရှိသော အမာရွတ်ကွက်ကြီး ဖွဖွလေး ထိတွေ့မိလေသည်။
" ကျုပ်ကတကယ်တော့ ကိုဘမောင်အကြောင်းတွေကို အလုံးစုံမသိရသေးဘူး "
" မောင်က သာမာန်လူတန်းစားတစ်ယောက်ပါပဲ ။ မြို့အုပ်မင်းတစ်ယောက်အတွက်တော့ ရာဇဝတ်သား ။ သူဌေးမင်းတွေအတွက်တော့ ဒုစရိုက်သမား။ ငက်မွတ်နေတဲ့လူတွေအတွက်တော့ မောင်က ဆန်ပေးသမားပေါ့ "
ရှိန်းနောင်သက်ပြင်းအသာချလိုက်တဲ့အခါလေထုကအနည်းငယ် အပူတပြင်းဖြစ်လာခဲ့သည် ။
" ကျုပ်ဟိုနေ့က ထောက်ပံ့ခံ တောင်သူတချို့နဲ့ ဒုက္ခသည်စခန်းတွေဘက် စစ်ဆေးရေးရောက်ဖြစ်ခဲ့တယ် "
ဘမောင်ခဏတော့ တုန့်ငင်သွားသော်လည်းအမူယာမပြချေ။ သူဟာကိုရှိန်းနောင်မည်သို့ပြုမူဆောင်ရွက်ပါစေလက်ခံမည်ဖြစ်သည် ။
" ညခင်းဘက်ရောက်ရင် အိမ်ရှေ့မှာ ပိုက်ဆံတွေလာလာချပေးသွားတက်တဲ့ အနက်ရောင်ခြေတံရှည် လူကြီးတစ်ယောက်အကြောင်းကို အားတက်သရော်ပြောပြကြတယ် "
" ဆက်ပြောပါ ကိုရှိန်းနောင် မောင်နားစွင့်နေပါတယ် "
ရှိန်းနောင်၏အသံမှာ လေပြေနဲ့အတူ ရောပြွန်းလို့ ဝဲအက်အက်ဖြစ်နေသော်လည်း နားလည်ရန်မခက်ချေ။
" သူ့မှာ ငှက်ကြီးတောင်ဓားရှည်တစ်လတ်ပါတယ် ။ ခြေတံရှည်ကြီးနဲ့ မျက်လုံးတွေက အရမ်းကြည့်ကောင်းတယ်တဲ့လေ ။ ကျုပ်က သူ့အကြောင်းစုံစမ်းနေတာ သူ့ကိုဖမ်းဖို့အတွက်လို့ပြောလိုက်တယ် "