မိမိဘာကြောင့်များကိုဘမောင်၏ရင်ခွင်တွင်းရိူက်ငိုမိမှန်းမသိချေ။ အိမ်ပြန်လျှင်လည်း နွယ်နှင့်နှစ်ယောက်သား အနေရခက်မှာဆိုးတာကြောင့် ဘမောင်၏ အိမ်သာလိုက်ပါလာခဲ့တော့သည်။
အရင်အခေါက်တွေက ခြံဝတွင်လှည့်ပြန်လို့ အိမ်ထဲမဝင်ဖြစ်တာကြောင့် ဘမောင်၏အိမ်ကရှိန်းနောင်အတွက်တော့အသစ်ဆန်းဖြစ်နေတော့သည် ။
ရေဒီယို ၊ ကတ်စက် ၊ တိတ်ခွေစသော သူဌေးအသုံးအဆောင်ပစ္စည်းတွေဖြင့်ပြည့်နှက်နေသော ဧည့်ခန်းမှာ လှည့်ပြန်ဖို့တောင် နှမြောစရာကောင်းလှသည်။
အဖြူအမည်းဓာတ်ပုံတွင်ခပ်တည်တည်ရုပ်သွင့်ဖြင့် ခန့်ခန့်ညားညားအမျိုးသားဘေးရပ်နေသော လူကြီးနှစ်ယောက်ကြားတွင် လက်တစ်ဖက်ဆီကမ်းလင့်ထားတဲ့ ဘမောင်အသေးစားလေး၏ ပုံကိုမြင်လိုက်ရသည်။
ကိုဘမောင်အသေးစားက ငယ်ငယ်ကဖြင့်ခြေသလုံးတုတ်တုတ်လေးနှင့် အပေါ်အောက်လုံးစွပ်အကျီဘောင်းဘီကိုဝတ်ဆင်ထားပြီး မျက်လုံးတွေကတော့ သူ၏ဖခင်နှင့်တထေရတည်းတူသည်။
" အဲ့တာ ကိုရှိန်းနောင်ရဲ့ အနာဂတ် အိမ်ထောင်စုစာရင်းဝင်မဲ့ မိသားစုတွေလေ ဒါကတော့ ကိုရှိန်းနောင်ရဲ့ မောင်.. မောင်ပေါ့ဗျာ မောင်ပေါ့ "
ဘမောင်က အလည်မှကလေးအား လက်ညှိုးဖြင့်ထောက်လို့ ခပ်ပြုံးပြုံးပြော၏။ ဓာတ်ပုံချိတ်ထားရာနံရံအားကျောမှီလို့ လက်နှစ်ဖက်ပိုက်ရင်း ရှိန်းနောင်ထံ ကျီစယ်ရွှတ်နောက် ဟန်ပါပါနောက်ပြုံးဖြင့် ခပ်ရွှန်းရွှန်းစိုက်ကြည့်တဲ့အခါ ရှိန်းနောင်၏ မကြည်လင်သော စိတ်အစုံမှာ ရှက်ဝဲဝဲဖြင့် အပြာနုရောင် အချစ်ကမ္ဘာထဲ ရောက်ရတော့၏။
" ကျုပ်စိတ်ညစ်နေတာနော် ကိုဘမောင် နောက်မနေနဲ့ တကယ့်ကို စိတ်ညစ်နေတာ "
" အိုဗျာ ။ အနာဂတ်မှာ ကိုရှိန်းနောင်ကို မောင့်အိမ်သူအိမ်သားဖြစ်စေမဲ့အစီစဥ်ကနောက်စရာလား။ ဖြစ်နိုင်ရင်ဖြင့် အခုချက်ချင်းကိုး အတည်ဖြစ်လိုက်ချင်တာ "
" ကျုပ်ပြန်တော့မယ် နွယ့်တစ်ယောက်တည်း..အိုး အမေ့ "
ဘမောင်မှာ ရှိန်းနောင်အားဒူးခေါက်လျှိုပွေ့ချီလို့ ကတ်စက်စင်ပေါ်ပွေ့တင်လိုက်ကာ အုပ်မိုးလိုက်ချေ၏။