တစ်ဖက်လှည့်အိပ်နေသော လူအားငဲ့ကြည့်လိုက်တဲ့အခါ ဖွေးအုနေသောဂုတ်သားတွေမှာ နီရဲလို့နေ၏။ထိုစကားအားမကြိုက်ပါလျှင် တားဆီးစရာလက်ရှိပါလျက်နဲ့ ဘာကြောင့် သွားကိုက်မိလည်းဘမောင်လည်းမတွေးတက်တော့ချေ။
ခွေးကိုက်လည်းမခံရဖူးပါပဲ ဘယ်ကများကိုက်ချင်စိတ်တွေကူးစက်လာပါလိမ့် ။
ကိုက်ခဲထားမိလေသော ရှေ့သွားတွေအားလျှာနှင့်ထိတို့ကြည့်လျှင် ကျန်ရှိလေသောအချိုဓာတ်လေးမှာ ထူးထူးဆန်းဆန်း ရှိလှသည် ။
မိမိကအတိတ်နှင့်ပတ်သက်လို့မရေမရာတွေများသည့်တိုင် ထိုဆရာလေးအားမြင်ရသည့်အခိုက်တန့်တွင် ပင်လယ်ထဲတွင်ကျပျောက်ထားလေသော အဖိုးတန်ရတနာလေးကိုမြင်တွေ့လိုက်ရသလိုမျိုး ခံစားချက်အစုံကိုခံစားရစေ၏။
" ကိုရှိန်းနောင် ။ စောင်ခြုံထားချေ ညလယ်ဆို အေးတက်တယ် "
နှင်းစက်တွေမှာကောင်းကင်ယံမှကျဆင်းလို့ ခေါင်မိုးနှင့်ရိုက်ခတ်မိကာ တဖျောက်ဖျောက်အသံပင်ထွက်နေချေသည်။
ခပ်ဝေးဝေးမှာ လှိုင်းရိုက်သံဟာပြင်းထန်လို့ မနက်ဖြန်တော့ ကမ်းခြေမှာ ရောင်စုံခရုကောက်သူတွေနှင့်စည်ကားနေမှာကိုမြင်ယောင်မိသေးသည် ။
အခန်းပိုမရှိလေတာကြောင့် ဘမောင်၏အခန်းတွင်သာနှစ်ဦးသာအတူအိပ်စက်ရခြင်းဖြစ်သည် ။ ယနေ့မှ ကြောင်စီနေသောမျက်လုံးတွေကြောင့် ဘမောင် ဘေးမှဆရာချောချောလေးကိုသာစိုက်ကြည့်နေမိတော့သည်။
" ဟော ဟောဗျာ "
တစ်ဖက်လှိမ့်လို့ရင်ခွင်တွင်းတိုးဝင်လာတဲ့ ကိုယ်သွယ်သွယ်ကြောင့် ဗျာ သာအထပ်ထပ်တမိတော့သည် ။ ပခုံးစွန်းအားလက်ညှိုးထိပ်လေးနှင့်ထိုးလို့ဘေးသို့ပို့သော်လည်း ထိုဆရာလေးက ပတ်ကျိအသေးစားနှင်တူစွာ သူ့အားဖက်တွယ်ထား၏။
" ခက်ရချည်ရဲ့... ဗျာ "
ဆောင်းလေမှာအေးသော်လည်း ရင်ခုန်သံတွေကတော့နွေး၏။ တူနှစ်ကိုယ်ကပ်လို့ဖက်တွယ်ထားရင်းအနွေးဓာတ်တွေဖလှယ်ကြတဲ့အခါ ဆောင်းလေအေးအေးမှာ သူတို့နှင့်မသက်ဆိုင်သည့်နှယ် ။