ရှိန်းနောင်မြို့အုပ်ရုံးဆီနောက်ကျမှ ရောက်၏။ ထမင်းချိုင့်တောင်မပါပဲ အပြေးလေးသွားရကာ အိပ်ရာတွင်းမှ အကြင်သူအား နှာတစ်ချက်မှုတ်လို့ ပါးညိုညိုအားဆွဲဖဲ့ခဲ့သေးသည် ။" မြို့အုပ်မင်း ဒီနေ့နောက်ကျလှချေလား "
" ဟုတ်ပါရဲ့ဗျာ ။ ညက ညဉ့်နက်မှအိပ်ဖြစ်တာကြောင့်လေ "
လုပ်သားကတော့ မြို့အုပ်မင်းအိပ်မပျော်သည်ဟုသာရိုးရိုးတွေးနေ၏။ ရှိန်းနောင် ထိုင်ခုံမှာထိုင်ချလိုက်ကာ အာမေဋိတ်သံပါပြုလို့ ဆက်ခနဲ ပြန်ထမိလိုက်သည် ။
တခြားလူတွေမှာ သူတို့၏မြို့အုပ်မင်း သံများဖင်ခုထိုင်မိလေသလားမေးမိလုနီးပါပင်ဖြစ်သွားသည် ။ ရှိန်းနောင်အမူယာမပြက် ပြန်ထိုင်ရင်းအောင့်သက်သက်ဖြင့် ကျိန်ဆဲနေမိတော့သည်။
× × ×
မြို့အုပ်မင်း၏အိမ်ထဲတွင် သနပ်ခါးအဖွေးသားနှင့် ဘမောင်က ပုဆိုးဒူးခေါက်လောက်နှင့်ချက်ပြုတ်နေလေသည်။
စွတ်ကျယ်ဝတ်ထားသည်မို့တောင့်တင်းသောလက်မောင်းသားတွေမှာလှုပ်ရှားလိုက်တိုင်း မောက်မောက်လာလို့ မိန်းမပျိုတို့၏ အသည်းစွဲ ဖြစ်ချင်စရာပင်။
ချိုင့်ဝါထဲ ချက်ပြုတ်ပြီးသားတွေထည့် အလျင်သင့်ထည့်လို့ တိုင်ကပ်နာရီအားမော့ကြည့်လိုက်တဲ့အခါ ဆယ့်တစ်နာရီခွဲနေပြီဖြစ်သည် ။
ထမင်းကြမ်းမစားသွားသောသူ၏ အသက်ကညှာလေးဆာလောင်နေမည်ကိုဆိုးတာကြောင့် ပုဆိုးအားပြန်ပြင်ဝတ်လို့ မြို့အုပ်ရုံးဆီခြေဦးတည်လိုက်တော့သည် ။
" ကိုဘမောင် "
ခပ်ပါးပါးမိတ်ကပ်ဖြင့် ထမီခြေမျက်စိဖုံး ရင်ဖုံးနှင့် ထိုမိန်းမပျိုမှာ ဒေါက်တာခင်ခင်လှဖြစ်၏။
" မခင်ခင်လှပါလား ။ ဘယ်တုန်းဗျ "
" ညနေ ထုံးစေတီလေးဖူးချင်လို့ ကိုဘမောင် အားရင် လိုက်ပို့လှည့်ပါလားလို့ "
ရွာသူအချို့ကတော့ထိုမိန်းမပျိုအားမလိုကြည့်ဖြင့်ကြည့်ကာ သူတို့၏ ကာလသားခေါင်းကိုဘမောင်ကိုနှမြောတသဖြစ်နေကြသည် ။