ဘိလပ်မှ စာရောက်လာခဲ့သည်။ နွယ်ခက်ချို၏ ခပ်လှလှလက်ရေးဖြင့် တစ်သီတစ်တန်းရေးဖွဲ့ထားသော စာတွေမှာ အဆင်ပြေနေကြောင်းနှင့် ပျော်ရွှင်နေကြောင်းတွေသာဖြစ်သည်။အောက်ဆုံးစာရောက်တဲ့အခါ ရှိန်းနောင်မျက်မှောင်ကြုတ်လိုက်မိသည်။
《 ဗလကြီးနဲ့ နွယ့်ယောင်းမ ညိုချောကိုလည်း အောက်မေ့ပါတယ်လို့ပြောပေးပါအုံး ကိုကိုကြီး 》
နွယ်အရင်လို ရွာထဲမှမုဆိုးမမဂွမ်းပုံနှင့်များမှားရော့နေသလားတွေးမိသော်လည်း မဂွမ်းပုံထံမှာ ဗလမရှိချေ။
ဗလ ညိုချော ...။ တွေးကြည့်လျှင်ဖြင့် ထိုလူမှာ ညောင်ဖိုးပင်ရွာတွင်နှစ်ယောက်မရှိသော ဘမောင်တံဆိပ်နှင့်ဝမ်းနုတ်ဆေးဖြစ်၏။
" ကိုဘမောင် ။ ခင်ဗျားလာခဲ့စမ်းပါအုံး "
ပလက်လှန်ရင်း ဒူးတစ်ဖက်ပေါ်ခြေထောက်တစ်ဖက်ချိတ်လို့ ဝတ္တုဖတ်နေသော ဘမောင်က ရှိန်းနောင်ဘေးလှစ်ခနဲရောက်ချသွားသည်။
" ခေါ်လား မောင့်နောင် "
" ခင်ဗျားရယ် နွယ့်ကိုဘာတွေသွားပြောထားသေးလည်း... ဒီမယ်ကြည့် စာထဲရေးထားတာ ဘာတွေမှန်းမသိ "
ရှိန်းနောင်လက်ထဲမှစာရွက်အားဘမောင်ယူလိုက်ကာ ဖတ်ကြည့်လိုက်သည်။
" သို့...ကိုကိုကြီး နွယ်..."
" အောက်ဆုံးက စာကိုပြောနေတာ ကိုဘမောင်... "
" ဟုတ်ပြီဗျာ ။ ဟုတ်ပြီ မောင်အောက်လျှောဖတ်လိုက်မယ် "
ရှိန်းနောင်ကတော့ မျက်စောင်းခဲရင်းဖြေရှင်းချက်ကိုသာစောင့်လင့်နေလိုက်သည်။
" ဗလကြီးနဲ့ နွယ့်ယောင်းမ ... ။ ဟဲဟဲ အဲ့တာမောင်လေ ဒီမှာတွေ့လားဗလ "
ဘမောင်ကစာရွက်ကိုင်ထားသည့်လက်အား ရှိန်းနောင်ရှေ့တွင်ကွေးလို့ ညိုလွလွအသားရည်ဖြင့်ဖောင်းကြွနေသောဗလအဖုအားထုတ်ပြလေသည်။
ရှိန်းနောင်မှာရယ်ရခက်ဆူရခက်။
" နွယ်ကမိန်းကလေး ဒီလိုကိစ္စတွေလျှောက်မပြောနဲ့လေ ဘယ့်နှယ့် "