လက်ပံပွင့်မြိုတော်၏အစည်ကားဆုံးစျေးကြီးဖြစ်တာကြောင့် လူထူထပ်ကာအင်မတန်ရှုပ်လေသည်။ ရှိန်းနောင်က မြို့၏အခြေနေကိုလေ့လာပြီး စာရေးပစ္စည်းအချို့ဝယ်ယူလိုက်သည်။ဘမောင်က အပြင်မှာရပ်စောင့်နေရင်း ဆေးဆိုင်တွင်းဝင်သွားတဲ့မြို့အုပ်မင်းကိုတွေ့လိုက်ရသည် ။
မြို့အုပ်မင်းရဲ့အသားအရည်က ဖွေးလွန်းတဲ့အပြင်သူ၏ ဝတ်စားဆင်ယင်မှုကလည်း အမြဲတစေလူကြီးလူကောင်းဆန်ကာလုံခြုံသည်။
ပြင်ပနေရောင်နဲ့မထိတွေ့ရသောအသားအရည်က နူးညံ့မည့်ပုံပေါ်ကာ ထိုမြို့အုပ်မင်းရဲ့မျက်နှာနုနုက နေလေးများပူပြီဆို နီရဲနေလိုက်တာများ တောက်တာသီးကျလို့ပင်။ဘမောင်တို့ဆို ပုဆိုးတစ်ထည့်ဖြင့်လည်းရွာတပတ်လျှောက်သွားရင်သွားပြီး စွပ်ကျယ်ဂျိုင်းပြက်ဖြင့်လည်း မြို့တော်အထိသွားတက်သေးသည်။
ဆေးဆိုင်ကပြန်ထွက်ပြီးတဲ့မြို့တော်အပြန်လမ်းကိုနှစ်ယောက်သားဆက်လိုက်သည်။ စျေးတန်းထဲကထွက်လာတဲ့အခါ လူအနည်းငယ်ရှင်းနေပြီဖြစ်သည် ။
ရုတ်ချည်း ရှိန်းနောင်၏လက်ဖဝါးမှာဆုပ်ကိုင်ခြင်းခံလိုက်ရသည်။ ထိုလက်ဖဝါးတစ်ဖက်မှကြမ်းရှပြီး နွေးထွေးမှုအပြည့်ရှိလှသည်။
" ဘာ...ဘာ လုပ်တာတုန်းဗျ "
" ကျုပ်တို့နောက် လိုက်လာတဲ့လူရှိတယ် "
ရှိန်းနောင်အနည်းငယ်မျက်လုံးပြူးသွားခဲ့၏။ မြို့အုပ်မင်းတစ်ယောက်အနေနဲ့သူဟာအတိုက်ခိုက်မကျွမ်းကျင်တာတော့မဟုတ် ။ ဒါကတကယ်ကို သတိလက်လွတ်ဖြစ်သွားခဲ့ပင်။
" မကြောက်နဲ့ ။ ကျုပ်ရှိတယ် "
သူမကြောက်သော်လည်း ဘမောင်၏ ထိုနှုတ်ထွက်စကားက နှလုံးသားကိုသက်ရောက်မှုရှိလေသည်။ ဆုပ်ကိုင်ထားသောလက်ဖဝါးတစ်ဖက်ကပိုမိုတင်းကြပ်စွာဆုပ်ကိုင်ခြင်းခံလိုက်ရသည် ။
" ထွက်လာခဲ့ ။ အပိုတွေလုပ်မနေနဲ့ "
ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကိုယ်ထင်ပြလာခဲ့သည်။ ထိုကောင်လေးက ပိန်လှီနေပြီး အသားမည်းမည်းလေးဖြစ်သည်။ရှမ်းဘောင်းဘီရှည်ပွပွကိုဝတ်ဆင်ထားပြီး ပုံစံကဂျစ်ကန်ကန်နှင့် ။