ကမ်းခြေမှတက်လာတဲ့အခါ မြေပဲခင်းတွေဖြတ်ကျော်လို့ ယာတဲလေးဆီရောက်လာခဲ့ကြသည် ။
" ဖရဲသီးစားမလားကိုရှိန်းနောင် ။ ကျုပ်အခင်းထဲက သွားခူးလိုက်မယ် "
မူဆယ်ဘက်ပို့ရန် အတွက်သီးသန့်ခွဲစိုက်ထားသောအခင်းမှာ အလုံးတွေကြီးလို့ အသီးလည်းကောင်း၏။ ထိုမှအကျတွေကိုသာ စျေးမှာပြန်သွင်းလို့ ရောင်းချကြတာဖြစ်သည် ။
ကောင်းပေ့ဆိုတဲ့တစ်လုံးကိုခူးလို့ပွေ့ပိုက်လာရင်း ဓားရှည်ဖြင့်စိတ်ရှည်လက်ရှည် ခုတ်ထစ်နေသောဘမောင်ကိုကြည့်လို့ နေ့စားသမားလေးတွေမှာ တအံ့တသြဖြစ်နေလေသည် ။
" ကိုဘမောင်ကသိပ်ဧည့်ဝတ်ကျေတာပဲ "
စတီးပန်းကန်ပြားထဲဖရဲသီးစိပ်ထည့်လို့ အပိုင်းလေးတွေသေချာပိုင်းကာ ပါးစပ်ထဲမခွံရုံတမယ်သာ ။
" ဟဲ့ အားကြီးနဲ့မနောက်နဲ့ ဆရာလေးရှက်နေပြီ "
လုံမက ခပ်ကြိတ်ကြိတ်ရယ်ရင်းနီရဲနေသော ဆရာချောချောလေးအားကြည့်လို့ ဘေးမှ ကောင်လေးအားရိုက်ပုတ်လိုက်သည် ။
" နေပူလို့ပါဗျာ ။ မရှက်ရပါဘူး "
ဘမောင်၏ ယခုထက်ဆိုးသောအပြုမူတွေများစွာကြုံခဲ့ဖူးပြီးမို့ ရှိန်းနောင်အဖို့ထိုမျှလောက်ကတော့ ဘောင်တွင်းသာရှိနေသေး၏။
" ဆရာလေးက အသံလေးကလည်းချိုလို့ ရုပ်လေးကလည်းချောလိုက်တာမှ တအားပဲ ။ သူချစ်ရည်းစားရှိသလားဟင် "
" လုံမ ညည်းဒီနေ့ ပဲခင်းတစ်ကန့်အပြီးမနုတ်နိုင်ရင် ညည်းပိုက်ဆံငါနုတ်မယ် "
ဘမောင်မှာ ဖရဲသီးလက်ကျန်အားဘေးသို့ပစ်ချရင်း လုံမအားရန်မူနေတော့သည်။ ပိုက်ဆံနုတ်မယ်ဆိုတာနဲ့ ဇက်လေးပုလို့ လက်အိတ်အထူကောက်စွပ်ရင်း လုံမကတော့ပဲခင်းထဲလုံးနေအောင်ပြေးတော့လေသည်။
" ကိုဘမောင် အလုပ်သမားတွေကို ဒီလောက်ဆူရသလား ။ အလုပ်မှာမပျော်ပဲနေမှာပေါ့ "
" ကျုပ်ကအဲ့လိုပဲ ဆိုးတယ် "
စောစောလေးကတင် အကျွေးအမွေးဖြင့်တည်ခင်းနေသောဘမောင်မှာ အခုတော့ စိတ်ကောက်လို့ နှုတ်စူနေပြန်သည်။