သကြ်န်ပွဲအတွက် ရွာလည် မဏ္ဍပ်ထိုးနေတုန်းရှိန်းနောင်တို့ကတော့လုပ်သားတွေအတွက်အမောပြေဖျော်ရည်ဖျော်ရင်းရှုပ်နေ၏။ကလေးတွေအတွက် အုန်းလက်မဏ္ဍပ်လေးတွေထိုးပေးရင်းကပွဲအတွက်ကိုတော့စင်အကြီးထိုးပြီးတာအတော့ကိုကြာပြီဖြစ်သည်။
ရှိန်းနောင်မြေပြင်ပေါ်တွားတွားလေးအတန်းလိုက်သွားနေသောပုရွတ်ဆိတ်အုံတန်းကိုကြည့်ကာ
" အတာမိုးတော့ရွာချအုံးမယ်ထင်ပါ့။ပုရွတ်ဆိတ်တွေအသိုက်ပြောင်းနေပြီ"
" ရွာမှပါပဲ ။ ဒီနှစ်နွေသိပ်ပူတာပဲချစ်သည်းရယ် "
" နွေပဲ ပူမှာပေါ့မောင်ရဲ့ "
ရှိန်းနောင်၏အဖြေမှာဟုတ်သလိုရှိ၊မဟုတ်သလိုရှိမို့ဘမောင်ခေါင်းကုတ်သွားလေသည်။ ခပ်ကုတ်ကုတ်ဖြင့်လုပ်ကိုင်နေသောကျောပြင်အားရင်ခွင်ဖြင့်ကပ်လို့ရှေ့သို့ကျော်ကြည့်ရင်း အကဲစမ်းလိုက်တော့ မျက်စောင်းအထိုးခံလိုက်ရ၏။
" ဘာကြီးလဲ ချစ်သည်း "
" ဥသျှစ်သီးဖျော်ရည်လေ။ မောင့်အစ်မခြံထဲသီးနေတာမှအများကြီးပဲအညွှန့်လေးတွေလည်းဝေလို့။မောင်ငပိတို့ဖို့တောင်နည်းနည်းခူးခဲ့သေးတယ် "
ရှောက်သီးလုံးလောက်အရွယ်ရှိသောဝါဖန့်ဖန့်အသီးမှာအခွံမာသီးဖြစ်ကာ၊အတွင်းမှအသား၏အရသာမှာပူရှိန်းရှိန်းမြတတလေးဖြစ်၏။ ထန်းလျက်ရည်ကြဲ၊မန်းကျည်းရည်ကြဲဖြင့်ဖျော်ရည်လုပ်သောက်ရင်ကျန်းမာရေးအတွက်လည်းကောင်းတာမို့အရသာကပြောသလောက်အကောင်းကြီးမဟုတ်ရင်တောင် လူကြီးတော်တော်များများကတော့သောက်ကြလေသည် ။
" မောင်သောက်လေ ။ ပြီးရင် လူကြီးတွေလည်းခေါ်တိုက်လိုက်အုံး ။ ကလေးတွေကတော့ အရည်ပဲသောက်မှာ ဥသျှစ်ဖက်တွေစားမှာမဟုတ်ဘူး"
ထိုသို့ပြောလည်းမကြာခင်မှာပဲကုန်သွားတာချည်းပင်။ ကောင်းကင်ဘုံရောက်မှနတ်ပြည်တက်ရခြင်းမဟုတ်ပဲ ဟင်းကောင်းဟင်းလျာ၊အရသာရှိတာတွေချက်ပြုတ်တက်တဲ့အိမ်သူသက်ထီးလေးပိုင်ဆိုင်ထားရခြင်းကလည်း လောကနတ်ဘုံပင်ဖြစ်ချေသည်။