(3). မလှပသောဘဝအကြောင်း

4.1K 218 4
                                    

အသက်ဆယ့်သုံးနှစ်အရွယ် အမုန်းသည်
ရွာနှင့်ခြောက်မိုင်ခန့်ဝေးသောမြို့ပေါ်သို့နေ့စဥ်သွား၍သူကောက်ရသောဗူးခွံများ၊ သံတိုသံစများနှင့် ကော်ပြားများကိုသွားရောင်းပြီးမှသူ့တစ်နေ့တာအတွက်စားသောက်ရန်ပိုက်ဆံရသည်။ ဝလင်အောင်မစားရသော်ငြား အသက်ရှင်နေနိုင်လျှင်ပင်သူ့အတွက်ကံကောင်းလှပြီဖြစ်သည်မို့သူ့မှာကြေးများခွင့်မရှိ။

'ရင်ခွင်မုန်း' တဲ့။ ဒီနာမည်ကိုပေးခဲ့သူကအမုန်းရဲ့မွေးသမိခင်ကျေးဇူးရှင်ပင်။ အမုန်းဟာ ရွာထဲကလူတွေပြောခဲ့သလိုပဲ အဖေမရှိပါဘဲမွေးဖွားလာသောကလေးတစ်ယောက်။ ခပ်ရိုင်းရိုင်းပြောရလျှင်လင်ကောင်မပေါ်ဘဲမွေးလာသောကလေးပေါ့။ ထိုအကြောင်းအရာကြောင့်ပင် အမုန်းရဲ့မေမေက အမုန်းကိုသိပ်ကိုမုန်းတီးခဲ့ပါသည်။

သာမာန်မိခင်တစ်ယောက်က သူမတို့ရဲ့သားသမီးကိုမုန်းလေ့ရှိသလားအမုန်းမသိပေမယ့်မေမေကတော့အမုန်းကို မုန်းတယ်ဟုခဏခဏပြောဖူးသည်။ မေမေသည်အမုန်းကိုအဖျားဝင်သည်အထိရိုက်ဖူးသည်။  မှောင်ပိန်းနေသောအခန်းထဲမှာနှစ်ရက်တိတိပိတ်ထားခဲ့ဖူးသည်။ ကလေးဘဝရဲ့ပျော်ရွှင်ချိန်တွေကိုအမှောင်မိုက်ဆုံးသောမှတ်ဉာဏ်များနှင့်အစားထိုးပစ်သည်အထိ အမုန်းအပေါ်မှာသူမ၏မုန်းတီးခြင်းများကိုရက်ရက်ရောရောချပြခဲ့သည်။

တစ်ခါတစ်ရံမေမေစိတ်ကောင်းဝင်သည်ဟုပြောလို့ရသောအချိန်များတွင်တော့ အမုန်းကိုမရိုက်နှက်ဘဲ ပါးစပ်ကနေပဲသူမမုန်းတီးရသည့်အမုန်းတောင်တစ်ခါမျှမြင်ဖူးခြင်းမရှိခဲ့သည့်​အဖေ့အကြောင်းကိုပြောပြလေ့ရှိသည်။ ထိုအချိန်မျိုးတွင်မေမေ့မျက်ဝန်းတွေကနာကြည်းမှုကြောင့်စူးရဲနေပြီး မျက်လုံးတွေနီလာသည်အထိဒေါသထွက်တော့သည်။ ရလဒ်အနေနဲ့ကတော့ အဖေ့ရဲ့သွေးတစ်ဝက်ပါတဲ့အမုန်းကိုအညိုပုတ်များစွဲသည်အထိရိုက်ပြီးဒေါသဖြေတာပါပဲ။

အမေမပြောလည်းအမုန်းရိပ်မိပါတယ်။ အမုန်းကိုတွေ့ရင်ရွာထဲကအန်တီတွေပြောလေ့ရှိသောစကားတွေကတစ်ဆင့်အမေ့ဘဝဇာတ်ကြောင်းကိုခန့်မှန်းနိုင်ခဲ့သည်လေ။
အမုန်းရဲ့မေမေ'ဒေါ်နှင်းဆီနွယ်'ငယ်ငယ်တုန်းကဆိုရင် ဟောဒီငွေပင်လယ်တစ်ရွာလုံးမှာအလှဆုံးပင်ဖြစ်သည်။ မေမေရဲ့အဖေကမေမေငယ်ငယ်တုန်းထဲကဆုံးပါးသွားသည်မို့ မိစုံဖစုံမရှိ၍ကွမ်းတောင်မကိုင်ရပါသော်လည်းမေမေကကွမ်းတောင်ကိုင်ထက်ပင်လှခဲ့သူဖြစ်သည်။

ချစ်ခြင်းထာဝရတည်စေသော် ( ချစ်ခြင်းထာဝရတည်စေသော်) CompletedWhere stories live. Discover now