အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၂၃}
..............................................................................
မောဝိယ ရွေနန်းတော်ကြီး၏ နန်းဆောင်အခန်းကျယ်ကြီးထဲတွင် နှစ်ကူးပွဲတော်သဘင်ကို မြိုင်ဆိုင်စည်ကားစွာ ကျင်းပလျက်ရှိလေသည်။ မင်းသမီးများ အပျိုတော်များ ကချေသည်များကလည်း သူမတူတဲ့ စွမ်းရည်များနဲ့ ကပြ ဖျော်ဖြေလျှက်ရှိကြ၏။
နေ့ဘက်မှာမင်းသားများ အမှု့ထမ်းများက .မောဝိယမင်းကြီး၏ရှေ့ ဓါးရေးအစွမ်း မြှားပစ်အစွမ်းနှင့် လက်ရုံးရည်များကို အပြိုင်ဆိုင် ပြသခဲ့ကြလေသလို အခုလို ညသဘင်ပွဲတော်မှာလည်း မင်းသမီးများက သူ့ထက်ငါ အပြိုင်ဆိုင် အကအလှတွေကို ဖော်ကျူးလျက်ရှိလေသည်...။
သူမတူအောင် ထူးချွန်တဲ့ အက အလှ အတီးအမှုတ် အဆိုအညည်းတွေနှင့် မင်းသမီးများနဲ့ အပျိုတော်များ တစ်ယောက်ပြီး တစ်ယောက် ဖျော်ဖြေတင်ဆက်နေကြသည်ကို မောဝိယမင်းကြီး ရာဇပလ္လင်ထက်ထိုင်၍ ရှုစားရင်းက လွန်စွာ နှစ်သက်ဝမ်းမြောက်နေမိ၏ နံဘေးမှာတော့ တောင်နန်းစံမိဖုရားကြီး ထိပ်ထားဒေဝီနှင့် မြောက်နန်းစံမိဖုရား သက်ထားကေသရီတို့ကလည်း မင်းကြီး နည်းတူ ရှုစားလို့နေလေသည်...။
မောဝိယမင်းကြီး ထိုင်တော်မူနေသည့် ရာဇပလ္လင်နှင့် အနီးအပါးတွင်တော့ မင်းသားများက ကိုယ့်နေရာနှင့် ကိုယ် ကိုယ့်စားပွဲနှင့်ကိုယ် စံမြန်းလျှက်ရှိလေပြီး မှူးမတ်ရာဇာများ အမှု့ထမ်းများကလည်း သူ့ဝိုင်းနှင့်သူထိုင်ကာ သေရည်သောက်လျက် စားသောက်ဖွယ်ရာများအား သုံးဆောင်လို့နေလေ၏...။
နန်းတော်ခန်းမကျယ်ကြီးရဲ့ ထောင့်ဘက်ခပ်ကျကျလောက်တွင်တော့ တပ်မှူးစက္ကရာဇာနှင့် တပ်မှူးငယ်ဗာလတို့ သေရည်အတူသောက်ရင်း စကားစမြည်ပြောဆိုလို့နေကြသည်။ ထို့အတူ မင်းသား မဟာအဂ္ဂသည်လည်း...သူ၏ စံမြန်းနေရာဖြစ်သော မင်းကြီး၏ ညာဘက်အနီးပါးက စားပွဲမှာ ထိုင်လျှက် သေရည်ကို အိုးလိုက် မော့သောက်လို့နေလေ၏ ဘေးမှာတွင်တော့ မဟော်မာယာက အသင့်ခစားလျှက် ရှိလေသည်...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်