အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၃၁}
.................................................................................
တစ်နေ့တာလုံး မောဝိယစစ်သည်များနှင့်အတူ သူအနားမရနိုင်ခဲ့ပါ။ ကျဆုံးသွားလေတဲ့ စစ်သည်များနှင့်တကွ ဓါးပြများ၏ ကျန်ရှိနေကြသော ရုပ်အလောင်းများကို မြေမြုပ်သဂြိုလ်ပေးရင်းဖြင့်သာ တစ်နေကုန် အချိန်ကုန်ဆုံးခဲ့ရသည်။ ညဦးယံရောက်မှသာ အလောင်းများအားလုံး ရှင်းလင်းပြီးစီးလေသဖြင့် အခုမှသာ တပ်မှူးလေး သူ၏ တဲဖျင်ထဲ ဝင်ရောက်လာနိုင်ရလေသည်။
တဲဖျင်ထဲ ကျောခင်းကာ ခြေဆန့်လက်ဆန့် အနားယူလိုက်လေတော့ တစ်နေကုန်ပင်ပန်းမှု့အရှိန်နဲ့ မျက်တောင်များက လေးလံလာကာ မျက်ဝန်းတွေ မှိတ်ချသွားရသည်။ သို့သော် အိပ်စက်ခြင်းကတော့ မစွမ်းနိုင်ရာ အာရုံမှာ သုန္ဒရဝတီဆိုသည့် မိန်းကလေး၏ ရုပ်လွှာကသာ ထင်ဟပ်လို့နေသည်။
သူသိသည်။သူမလေး၏ မျက်ဝန်းများထဲ စိုလက်နေတဲ့မျက်ရည်စများနှင့်အတူ သူ့အပေါ်ငြိတွယ်နေလေတဲ့ သံယောဇဉ်နှောင်ကြိုးများစွာကို ။သူသည်လည်း သူမလေး အပေါ် မြတ်နိုးစွာ စုံမက်ချစ်ခင်သည်။ နှစ်ကိုယ်တူ ကြည်ဖြူစွာ နှလုံးသားချင်း နားလည်ခဲ့ပြီမို့ ရှေ့ဆက်ရမည့် သူမလေးနှင့် သူ့အအနာဂတ်က မသာယာနိုင်စရာအကြောင်းမရှိဟု စိတ်က တစ်ထစ်ချ တွေးထင်ထားမိသည်။
ဘဝမှာ မိဘနှစ်ပါးလုံး ဓါးပြများလက်ချက်နဲ့ ဆုံးရှုံးခဲ့ရပြီးနောက် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရတဲ့ အထီးကျန်နေ့စွဲတွေမှာ သူမလေးက သူ့ဘဝမှာ ပထမဆုံး ငြိတွယ်မိလေတဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်သလို အစားထိုးမရနိုင်လေသည့် နောက်ဆုံးသော မိန်းကလေးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမြတ်နိုးတန်ဖိုးထားမိခဲ့လေ၏။
ရှေ့ဆက်ပြီး တည်ဆောက်မယ့် သူမလေးနဲ့ နှစ်ကိုယ်တည်းဘဝမှာလည်း သူ့ဘက်က ယုယကြင်နာခြင်းတွေနဲ့သာ သူမအပေါ်နှလုံးသားတစ်ခုလုံးကို ပုံအောလို့ ပေးအပ်ဖို့ရည်ရွှယ်ထားခဲ့ပြီးဖြစ်သည်မို့ နှစ်ကိုယ်တူ ကြည်ဖြူမယ့် အချစ်ရေးကို မျှော်တွေးလို့ တပ်မှူးလေး အိပ်စက်လို့မပျော်နိုင်ပေ။ သူမအပေါ်ထားရှိတဲ့ မေတ္တာတရားကို အမြန်ဆုံးဖွင့်ဟလို့ ဝန်ခံလိုတာမို့ မနက်ဖြန်မိုးသောက်လို့ မောဝိယနန်းတော်သို့ ပြန်ရမည့်အရေးကိုသာ မျှော်တွေးရင်း ရင်တွေ ခုန်နေခဲ့ရလေသည်။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်