အခန်း (၁)
" ဒီမှာ ဘာထိုင်လုပ်နေတာလဲ "
" မိုး .. မိုးခိုနေတာပါ "
တိုက်အောက်မှာ ရပ်နေတာ ကြာပြီကို သတိ ထားမိသည်။ သိချင်စိတ်ဖြင့် မေးတာ မဟုတ်ဘဲ မြင်ရတာ ရှုပ်၍ မေးလိုက်ခြင်းသာ။
ပြန်ဖြေလာသည့် တိုးညက်ညက် လေသံကြောင့် မျက်မှောင်ကြုံ့မိသွားသည်။ ယောကျာ်းတန်ပေမဲ့ ပျော့တိပျော့ဖတ် နိုင်ရာ ကျသည်။ ဒီလို ပုံစံမျိုးကို ခန့်တည်စေ မကြိုက်ပေ။ လုံးဝကို သဘောမတွေ့။
မိုးခိုတယ် ပြောပေမဲ့ လူက တစ်ကိုယ်လုံး စိုရွှဲနေသည်။ လိမ်ညာနေတာလည်း မဟုတ်ပေ။ မိုးကတော့ တကယ် ခိုနေခြင်းပင်။ မိုးစိုပြီးမှ အပြေး ရောက်လာသည်ထင်။
" ဟို .. ဟိုလေ "
" မိုးရာသီ ထီးဆောင်မှပေါ့။ ထီးကိုင်ရတာ ဘာပင်ပန်းတာမို့ "
မိုးခိုနေသူ ကြားနိုင်မည့် လေသံဖြင့် တစ်ကိုယ်တည်းဘာသာ ရေရွတ်ပြီး သော့ခတ်ထားသည့် သံပန်း တံခါးကို ဖွင့်လိုက်သည်။ ခန့်တည်စေက ခြောက်လွှာမှာ နေတာ ဖြစ်သည်။ ထို့ကြောင့် လှေကား အတက်အဆင်းကို ခေါက်တုံ့ခေါက်ပြန် မလုပ်နိုင်။ အချိန် ကုန်သည်။ လူလည်း ပင်ပန်းသည်။ ခန့်တည်စေရဲ့ ထုံးစံမှာ အပြင်က ပြန်လာပြီးရင် အောက်ပြန်ဆင်းလေ့ မရှိ။ လိုအပ်တာမှန်သမျှ တစ်ခါတည်း ဝယ်လာပြီးသား ဖြစ်သည်။
တစ်ယောက်တည်းသမားဆိုပေမဲ့ ကိုယ်တိုင်ပဲ ချက်ပြုတ်စားသည်။ တစ်ခါတလေမှသာ အပြင်စာ ဝယ်စားလေ့ ရှိသည်။
ဒီကောင်လေးကို တိုက်အောက်မှာ နေ့တိုင်းလိုလို တွေ့မိတာ တစ်ပတ်ကျော်ပြီ။ မနက်ခင်း သူ အပြင်သွားချိန်ဆို လမ်းထဲမှာ တွေ့သည်။ ဘတ်စ်ကား မှတ်တိုင်မှာလည်း တွေ့ရတတ်သည်။
ညနေ အိမ်ပြန်လာချိန်ဆိုလည်း တိုက်အောက်မှာ ရှိနေတတ်ပြန်သည်။ဝတ်စားထားသည့်ပုံအရ စုတ်ပျက်ပေလူးနေတာ မဟုတ်ပေမဲ့ သားသားနားနားလည်း မရှိပြန်။ ခပ်နွမ်းနွမ်း တီရှပ်လက်ရှည်အညိုက သူ မြင်တွေ့သည့် အချိန်တိုင်း ခန္ဓာမှာ တွဲဖက် ကပ်မြဲ။ အင်္ကျီ တစ်ထည်တည်းကို ရက်ပေါင်းများစွာ ဝတ်ထားသလား ထင်ဖို့ကျပြန်တော့လည်း အနံ့ဆိုးက ထွက်မနေ။