အခန်း (၁၁)
မနက်စောစော ကံအကျိုးပေး ထူးသည်။ အလုပ်သွားဖို့ လှေကားထစ် အလီလီကို နင်းဖြတ်ပြီးနောက် တိုက်အောက် ရောက်တာနဲ့ နက်ထေးနေသည့် လူသားကို တွေ့ရသည်။ ချင်းကို မြင်လိုက်သည်နှင့် တပြိုင်နက် ခန့်ရဲ့ မျက်မှောင်အစုံ ကြုံ့သွား၏။
မသိချင်ယောင်ဆောင်ပြီး ကိုယ့်လမ်း ကိုယ် ဆက်လျှောက်တော့ ဆိုက်ကားတွဲလို ဘေးက လိုက်ပါလာသည်။ ခန့် စိတ်ရှုပ်ရပြီ။ ဒီကောင် ဘာဖြစ်ချင်နေမှန်း မသိ။ ခန့်မှန်းမရသည့် ချင်းရဲ့ ပုံစံက ခန့် မကြိုက်တာကိုမှ ရွေးလုပ်ပြီး တမင်သက်သက်ကြီး အနှောင့်အယှက် ပေးဖို့ ကြံရွယ်နေသလားဟုပင် ထင်မှတ်ရ၏။
အလိမ်အညာ ဖြစ်စဉ်တစ်ခုလုံး ပေါ်သွားပြီးနောက် ချင်းရဲ့ အချိုးက ပြောင်းလဲသွားသည်။ အရင်လို မအူမလည်လေး မဟုတ်တော့ပေ။ မြင်ရချိန်တိုင်း အနက်ရောင် အဝတ်က ခန္ဓာမှာ မြဲသည်။ ပြောင်လက်လက် နားကွင်းကို ဘက်ဖက်နားမှာ ဝတ်ထားသည်။ မျက်လုံး ဝိုင်းဝိုင်းမှာ မထီမဲ့မြင်နိုင်မှုက အပြည့်။ နှုတ်ခမ်းလွှာ ဖွင့်ဟသည်နှင့် ရဲတင်းသည့် အပြောအဆိုက ဘရိတ် မရှိ ထွက်ကျလာပြီးသား။
ဒီဒီဇိုင်း၊ ဒီကာလာအနေအထား။
ဘယ်လိုမှ ကြည့်မရပါချေ။" ခန့် "
" --- "
" ငါ ခေါ်နေတယ်လေ "
ကြားပေမဲ့ ပြန်မထူးဘဲ တိတ်ဆိတ်နေမိသည်။ ချင်းနဲ့ ပတ်သက်ရမှာ ကြောက်သည်။ ဒီလိုမျိုး တစ်ခန်းလွတ်နေသည့် ကြောင်တောင်တောင် ကောင်တွေက ယုံရတာ မဟုတ်။ မထင်ရင် မထင်သလို ကိုယ့်ကို ရန်ပြုနိုင်သည်။ ထို့ကြောင့် တတ်နိုင်သမျှ ခပ်ခွာခွာပဲ နေချင်သည်။
" ခုထိ စိတ်ဆိုးမပြေသေးဘူးလား "
" --- "
" ခန့်နဲ့ ငါက ဘာမှမဟုတ်သေးဘဲ ဒီလိုမျိုး စိတ်ကောက်နေတာတော့ မမိုက်ဘူးနော်။ အချော့ခံချင်တယ်ဆိုလည်း ငါ့ကို အဖြေ အရင် ပေးမှပေါ့။ ရည်းစားလည်း မဟုတ်ဘဲ ချော့ရမှာက ငါ့အတွက်ကျ Feel မလာဘူးလေ။ ငါ့ဘက်ကိုလည်း တွေးပေးပါဦး "
ခန့်ရဲ့ ခြေအစုံ တန့်သွား၏။ စူးရှသည့် အကြည့်က ချင်းရဲ့ မျက်ဝန်းအိမ်မှာ ဗဟိုချက် ဆုံတွေ့သည်။ ထို့နောက် ဘာမှ ခွန်းတုံ့ပြန်မနေဘဲ ကိုယ့်လမ်း ကိုယ် ဆက်လျှောက်လိုက်သည်။ ခန့်ရဲ့ အမူအရာကို စေ့စေ့ ကြည့်ရင်း ချင်းက ရိသဲ့သဲ့ ပြုံးသည်။ ထိုအပြုံး၊ ထိုမျက်နှာပေးက ဆွဲထိုးချင်စိတ် ပေါက်စေသည်။ ဒါပေမဲ့ ခန့် စိတ်လျှော့ထားလိုက်သည်။ ချင်းကို တုံ့ပြန်ဖို့ နည်းလမ်းက လျစ်လျူရှုဖို့ရာအပြင် အခြား မရှိ။ ဒေါသအလျောက် ပြိုင်ဖြစ်လျှင် သူပဲ ရှုံးလိမ့်မည်။ လူလည်း ရူးချင်နေပြီ။ စိတ်ထွက်ပေါက်မှာ တစ်စုံတစ်ခုက အပြင်းအထန် ကာဆီးထားသလို ပိတ်လှောင်နေ၏။
