အခန်း (၂၀)
" ချင်း "
တစ်နေ့လုံး၊ တစ်ညလုံး ပျောက်နေသူက မနက်ခင်း အလင်းရောက်မှ ပြန်ပေါ်လာသည်။ အပေါ်ထပ် အင်္ကျီကို ပခုံးတစ်ဖက်ပေါ် တင်ရင်း နှုတ်ခမ်းမှာ စီးကရက် ခဲထားသည်။ အချိုးမပြေသည့် ပုံစံက မျက်လုံးထဲမှာ မြင်ရတာ လုံးဝ ထောင့်မကျိုး။
" ဘယ်က ပြန်လာတာလဲ "
လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး မေးတော့ မော့ကြည့်လာသည်။ သားသားနားနား မရှိသည့် ကာလာအနေအထားအရ အိပ်ရာထပြီးချင်း အိမ်ကို တန်းပြန်လာပုံ ပေါ်သည်။
" ကိုခမ်းနဲ့ သွားတွေ့တာ "
" ဘယ်သူလဲ "
" ပြောလည်း ခန့် သိမှာမှ မဟုတ်ဘဲ "
" ချင်း "
ခန့်ရဲ့ လေသံ မာဆတ်သွားသလို ချင်းကလည်း မျက်လုံး ဝင့်ပြီး ပြန်ကြည့်သည်။ ပြီးမှ အပြုံးဖျော့ဖျော့နှင့် ချင်းက ခန့်ရဲ့ လက်ကို ပြန်လည် အုပ်မိုး ဆုပ်ကိုင်ကာ ..
" စတာလေ ခန့်ရယ်။ ဘယ်လိုဖြစ်ပြီး စိတ်ပဲ ဆိုးချင်နေရတာလဲ "
အပြုံးလေးနှင့် ချင်းက နှစ်ယောက်ကြားက တင်းမာမှုကို လျှောချသည်။ ကတုံးဆံပင်ပေါက်၊ နားကွင်းတစ်ဖက်နဲ့ နှုတ်ခမ်းမှာ စီးကရက်ခဲလို့ ဗြုတ်စဗြင်းတောင်း ချင်းကို ကြည့်ရတာ ဘယ်လိုမှ အဆင်ပြေမနေ။
" ရေချိုးပြီး ထွက်ခဲ့။ အပြင် သွားမယ် "
ထိုမျှသာ ပြောပြီး ချင်းရဲ့ လက်ကို ဖြုတ်ချခဲ့လိုက်သည်။ အလောင်းအစား တစ်ခုအတွက်နဲ့ ချဉ်းကပ်ခဲ့သည့် ချင်းကို ခန့် စိတ်ထဲမှာ နည်းနည်းမှ မကြည်လင်ပါချေ။ သို့ပေမဲ့ ပြဿနာ ရှာပြီး ရန်ဖြစ်လို့လည်း အကျိုး ရှိမည် မဟုတ်။ အဆင်မသင့်လို့ ချင်းသာ သူ့အနားက ထွက်သွားလျှင် ဦးရန်နိုင်စိုးကို လက်စားချေဖို့ ပို၍ ခဲယဉ်းသွားလိမ့်မည်။ ခန့်တည်စေ ထိုသို့ အဖြစ် မခံနိုင်ပေ။
ဧည့်ခန်းထဲ ခန့် စောင့်နေချိန်မှာပဲ ချင်းက ပြန်ထွက်လာသည်။ ကြုံရာ ကောက်စွပ်လာသည့် တီရှပ်လက်တို နက်ပြာက ခန့်ရဲ့ အင်္ကျီပင်။ ယူဝတ်လို့ ရကြောင်း တစ်ခွန်း မမေးဘဲ သူ့ပိုင်ဆိုင်ရာ တစ်ခုလို ပြုမူတတ်သည့် ချင်းကို ပြောလည်း မောမှာ သေချာသည်။ ချင်းက စကား နားထောင်မှာ မဟုတ်။
