Ep - 34

334 27 1
                                    

အခန်း (၃၄)

" ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ..."

ဦးရန်နိုင်စိုး လေသံမှာ တုန်ခါနေသည်။ ကြားသိရသော အဖြေစကားက ရင်ကို ထိချက် ပြင်းလှသည်။ သူ လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်လေပြီ။

ဝဲတက်လာသော မျက်ရည်စကို ပုတ်ခတ် သိမ်းရသည်။ ပေါင်ပေါ်တင်ထားသော လက်သီးကို ကျစ်ဆုပ်ထားရင်းမှ မာန်တင်းကာ တောင့်ခံပါလည်း သူ ဟန်မဆောင်နိုင်တော့ချေ။ အသည်းနှလုံးကို ဖျက်သည့် ပိုးက သူ့အသက်သွေးကြောကိုမှ ရန်ရှာရတယ်လို့။

" မျှော်လင့်ချက် မရှိတော့ဘူးလား ဆရာ "

သွေးအေးစွာ ထိုင်နေသော ပါရဂူကြီးကို မေးလိုက်ပေမဲ့ စိတ်မကောင်းပါဘူးဟူသော မျက်ဝန်း အဓိပ္ပါယ်ကိုသာ ရရှိသည်။ အတွေ့အကြုံ ရင့်သန်သူပီပီ ပါရဂူကြီးမှာ တည်ငြိမ်အား ကောင်းလှသည်။

" ဒီအချိန်က လူနာအတွက် အရေးကြီးဆုံးပါပဲ။ နောက်ကျသွားရင် ဒီ့ထက် ပိုပြီး အန္တရာယ် ရှိနိုင်တာမို့ အမြန်ဆုံး ကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ် "

အံကို ကြိတ်ကာ တောင့်ခံပါလည်း မျက်ဝန်းထဲရှိ ငွေ့ရည်ဖွဲ့တိမ် အရည်ပျော်လေပြီ။ ပါရဂူကြီးနဲ့ ဆွေးနွေးပြီး ဆေးမှတ်တမ်းကို ကိုင်ကာ အိမ်သို့ တန်းပြန်ခဲ့သည်။

အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်တဲ့။
သူ ဒီစကားကို ဘယ်လို အင်အားနဲ့ ပြောထွက်ပါ့မလဲ။

*****

" ရံ "

အိမ်ထဲ ဝင်ဝင်ချင်း ရံ့ကို တွေ့ရသည်။ ခန့်တည်စေ ရောက်လာသည့်နေ့က ဖိနပ် မပါဘဲ ပြေးထွက်သွားသည့် ရံ။ ညညဆို အိပ်ပျော်ဖို့ မေ့နေတဲ့ ရံ။ ထမင်းကို မသေရုံတမယ်သာ စားတဲ့ ရံ။ ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှု အပြည့်နဲ့ မျက်ဝန်းတွေက မှေးမှိန်ခဲ့တာ ဘယ်လောက် ကြာပြီလဲ။ မျက်နှာလေး ချောင်ကျကာ သိသိသာသာ ပါးလှပ်သွားသော ခန္ဓာငယ်။ ဦးရန်နိုင်စိုး သားဖြစ်သူကို ကြည့်ကာ မချိမဆန့် ခံစားနေရသည်။ ရင်ကို ခွဲပြီး အသည်းကို ပေးနိုင်သည်အထိ ချစ်မြတ်နိုးရသည့် သားက သူ့ကြောင့် ပင်ပန်းနေရချေပြီ။ အမှန်တရားကို ပေးသိလိုက်ခြင်းက မှားခဲ့ပြီလော။

ေၾကး (ကြေး)Where stories live. Discover now