Ep - 28

459 26 2
                                    

အခန်း (၂၈)

" ခေတ်ရော ဘယ်မလဲ။ အခြေအနေ သိရပြီလား "

" ခွဲစိတ်နေတုန်းမို့ အခြေအနေကတော့ သေချာ မသိရသေးဘူး "

ဆေးရုံကို ရေးကြီးသုတ်ပျာ ရောက်ချလာသည့် ဦးရန်နိုင်စိုးမှာ ချင်းကို မြင်မြင်ချင်း စိုးရိမ်ပူပန်စွာ မေးတော့၏။ အသိတရား ကောင်းကောင်း မကပ်သေးသည့် ချင်းမှာ ဆိတ်ဆိတ်နေကာ ငြိမ်သက်နေ၍ ချင်းအစား ခန့်တည်စေကပဲ ဝင်ဖြေပေးလိုက်သည်။ ချင်းရဲ့ ဘေးမှာ ရပ်နေသည့် ခန့်တည်စေကို မြင်ကာ သတိထားမိသွားသည့် ဦးရန်နိုင်စိုးက အလိုမကျမှုကို မျက်ခုံးတန်းတို့ တစ်ချက် ကြုံ့သွားရင်း ပြသ၏။ သေရေးရှင်ရေး ဖြစ်နေချိန်တောင် အတ္တကို မလျှော့ချနိုင်သည့် ဦးရန်နိုင်စိုးကို ကြည့်ကာ ခန့်တည်စေကပဲ အလိုက်တသိ အသံတိတ် ငြိမ်နေပေးလိုက်၏။ ဒီလိုအချိန်မှာ မကြည်လင်မှုကို တန်ပြန် တုံ့ပြန်ရင်း ပြဿနာ မရှာချင်ပေ။ အထူးသဖြင့် သူ့ကြောင့် ချင်း အနေရခက်မှာမျိုး၊ စိတ်ရှုပ်ရမှာမျိုးကို လုံးဝ မလိုလားချေ။

" ကိုကို .. ကိုကို အဲ့အခန်းထဲမှာ တအား ကြာနေပြီ "

လေသံတိုးတိုးလေးက ရင်ထဲရှိ နာကျင်မှုကို ဖွက်ထားလို့ မရခဲ့။ ဒီလိုမျိုး ချင်းရဲ့ ပုံစံကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့၍ ခန့်တည်စေမှာ မချိတင်ကဲ ဖြစ်ရ၏။

ချင်းကို ပစ်သည့် ကျည်ဆန်ကို ခေတ်က ကိုယ်စားဝင်ခံကာ နာကျင်မှုကို ချင်းအပေါ် မကျရောက်လိုခြင်းဖြင့် လွှဲပြောင်း ယူ၏။ တွန့်ဆုတ်တွေဝေမှု အလျင်း မရှိသော မေတ္တာတရားက ချင်းအပေါ် ခေတ် ထားရှိသည့် စိတ်ရင်းပဲ ဖြစ်လိမ့်မည်။

သေနတ်ဒဏ်ရာနှင့် ခေတ်ကို ဆေးရုံကို ခေါ်လာသည့် လမ်းတစ်လျှောက်လုံး ချင်းမှာ မျက်ရည်လည်ရွှဲ။ ခေတ်အတွက် ရင်ထုမနာ ဖြစ်နေရှာသော ချင်းမှာ ပတ်ဝန်းကျင်ကို မေ့လျော့ကာ ကလေး တစ်ယောက်သဖွယ် ငိုကြွေးလို့ နေခဲ့၏။ ချင်းကို ကြည့်ကာ ခန့်တည်စေ ရင်ထဲ နင့်ကဲရသည်။ ခေတ် ခွဲစိတ်ခန်းထဲ ဝင်နေချိန် ဆောက်တည်ရာမရ ဖြစ်နေသည့် ချင်းကို ယိုင်လဲသွားမှာ စိုးရိမ်စိတ်နှင့် လက်ချောင်းနုနုလေးကို ကျစ်ကျစ် ဆုပ်ကိုင်ရင်း ဝေါဟာရမဲ့ နှစ်သိမ့်ဖြစ်သည်။

ေၾကး (ကြေး)Where stories live. Discover now