အခန်း (၄၁)
" ဒီစာက မင်းအတွက် ငါချန်ခဲ့တဲ့ နောက်ဆုံး ခံစားချက် ဖြစ်လိမ့်မယ်။ အခု မဖတ်သေးဘဲ သိမ်းထားလို့ ရမလား။ ငါ ထွက်သွားမှ ... ငါ ထွက်သွားတဲ့အချိန်ကျမှ "
ပါးပြင်ထက် စီးကျလာသော မျက်ရည်စကို ခန့်က ယုယကြင်နာစွာ သုတ်ပေးသည်။ မှိုင်းဖျသော မျက်ဝန်းရိပ်တို့တွင် နှလုံးသားရှိ နာကျင် ထိခိုက်မှုအား မြင်တွေ့နေရသည်။ ရံ စိတ်မကောင်းပါ။ သို့ပေမဲ့ သူ တတ်နိုင်သည်က ခန့်နှင့် အတူ ရှိနေရုံသာ ဖြစ်ပြီး သက်တမ်းကို ဆွဲဆန့်ဖို့ရာတော့ မဖြစ်နိုင်ပေ။ ခန့်အတွက် ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရတွေကိုသာ ဖန်တီးပေးခဲ့ချင်သည်။ ခံစားရသမျှ နာကျင်မှု အားလုံးကို သူနှင့်အတူ တိမ်းပါး ပျောက်ကွယ်သွားစေချင်သည်။ သူ မရှိတော့လျှင်တောင် ခန့်ကတော့ အဆင်ပြေပြေ ကျန်ခဲ့မှ ဖြစ်မည်။ ထိုသည်က ရံ အတောင့်တဆုံးသော အရာပင်။
တစ်ညလုံး အိပ်ရေးပျက်ခံပြီးနောက် ခန့်အတွက် စာတစ်စောင်ကို အပြီးသတ်နိုင်ခဲ့သည်။ သို့ပေမဲ့ ခုနေချိန်ခါမှာတော့ ခန့်ကို မဖတ်စေချင်သေးပေ။ ထို့ကြောင့် ခန့် သိရှိထားသည့် ရံ့ရဲ့ ကျန်းမာရေးနှင့် ပတ်သက်သည့် အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားမနေတော့ဘဲ ရိုးသားစွာ တောင်းဆိုမိသည်။
" ငါ ... ငါက မင်းကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လွှတ်ပေးနိုင်မှာလဲ ချင်းရယ် "
ရံ့ရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ကာ ရင်ခွင်ထဲ ထည့်သိမ်းရင်း ခန့်က တိုးဖျော့စွာ ဆိုသည်။ ရံ့ ပခုံးထက်ရှိ ပူနွေးစိုစွတ်မှုမှာ နှလုံးသားမှ စိမ့်ထွက်လာသော နာကျင်မှုသာ ဖြစ်ချေ၏။
" ငါ့မှာ မင်း မရှိလို့မှ မဖြစ်ဘဲ "
ကြိုတင် သိနှင့်သော ခွဲခွာခြင်း တစ်ခုအတွက် တောင့်ခံနိုင်စွမ်းအား မဲ့ကင်းစွာ ခန့်က ရေရွတ်သည်။ ခန့်ရဲ့ လေသံမှာ အနည်းငယ် တုန်ခါနေလျက်။ ရှိုက်ကြီးတငင် မဟုတ်ပါလည်း ရင်တွင်းရှိ ဒဏ်ရာများ အတွင်းကြေကာ အသည်းခိုက်မတတ် နာကျင် စူးအောင့်နေသူပမာ ငိုကြွေးနေသည့် ခန့်ကြောင့် ရံကိုယ်တိုင်လည်း မျက်ရည်စတို့ ကြွေလင့်ရ၏။ ခန့်ရဲ့ ကျောပြင်အား လက်ဖဝါးဖြင့် ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပါလည်း ရံ့ရဲ့ တစ်ဖက်ခြမ်းမှာ ပြိုလဲမှု အတိ။
