အခန်း (၁၄)
" ရောက်ရင်လည်း ဖုန်းဆက်လေ။ ဒီဦးနှောက်ကို အသုံးမချဘဲ အရူးလို စောင့်နေရလား "
" စကားနဲ့ပဲ ပြောလေကွာ။ လက်မပါကြေး "
ဖုန်းကိုင်ထားတဲ့ လက်နဲ့ ချင်းရဲ့ နားထင်ကို ခပ်သာသာ တွန်းရင်း ပြောမိတော့ ဖယ်ချကာ ပြန်စွာ၏။ တကယ် ဘယ်လိုဟာလေးမှန်း မသိ။
ရောက်ရာအရပ်က အပြေးရောက်လာသူကို အမောဆို့အောင် ပြောတတ်လွန်းသည်။မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ကော့ကော့လေးနဲ့မို့ ချစ်စရာ ကောင်းမှာပဲလို့ ထင်ရင် မှားပြီပဲ။ ဆံပင်တိုတို၊ အသားဖြူဖြူနဲ့ ချင်းမှာ ချစ်ဖို့ ကောင်းလောက်တဲ့ အချက် တစ်ခုတစ်လေမှ ရှာမတွေ့။ နှုတ်ခမ်းလွှာ ဖွင့်လို့ စကားလေးများ ပြောပြီဆို ထရိုက်ချင်ဖွယ် အတိ။ ချင်းက ဒီလိုမျိုး ဂုဏ်အင်နဲ့ ပြည့်စုံလေသည်။
" ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ မင်း ငါ့ကို စိတ်တိုအောင် လုပ်နေတာကျရော။ ငါက ဒီအတိုင်း လျှော်ပေးလိုက်ရမှာလား "
" ခန့်ပဲ ဝေးဝေးမှာနေဆို။ ဒီတော့ ငါ ဘယ်လာရဲပါ့မလဲ "
" အပိုတွေ မပြောနဲ့ ဟေ့ကောင် ! ပရမ်းပတာတွေ ပြောပြီး ငါ့ကို လိမ်ချင်ရင် အကြောက်အလန့် မရှိတဲ့ မင်းမျက်ဝန်းတွေကို အရင် ဖုံးဖိလိုက်ဦး "
မကျယ်လောင်သည့် လေသံနဲ့ တစ်ခွန်းမခံ ချေပလေတော့ ချင်းက ရိသဲ့သဲ့ ပြုံးသည်။ လှုပ်ခတ်သွားသည့် နှုတ်ခမ်းထောင့် တစ်စုံက ဖြတ်ရိုက်ချင်စရာ ကောင်း၏။
" ငါ ညောင်းနေပြီ ခန့်ရယ်။ အပေါ် တက်ရအောင် "
" နေက ခုထိ မကောင်းသေးဘူးလား "
" အင်း "
" အိမ်မှာ မနေဘဲ လမ်းသလားနေတာကိုး "
" ခန့်ကို တွေ့ချင်လို့ လာတာလေကွာ "
လေသံဖျော့လေးနဲ့ ဆိုလာပြန်တော့လည်း ခန့် ရင်ထဲ မကောင်းနိုင်။ သော့ကို အမြန် ဖွင့်ပြီး အပေါ် တက်ဖို့ ပြင်လိုက်၏။ သော့ဖွင့်ရင်း စကား ပြောနေပေမဲ့ သံပန်းတံခါး ပွင့်တာနဲ့ ချင်းက အထဲ ဝင်ကာ လှေကားထစ်တွေဆီ ဦးတည်၏။ နောက်မှာ သော့ပြန်ခတ်ရင်း ကျန်ခဲ့သည့် ခန့်ကို မစောင့်။ တစ်ချက်မှ လှည့်မကြည့်ဘဲ ရှေ့က တက်နှင့်၏။ တစ်ကိုယ်ကောင်း ဆန်သည့် အကျင့်လေးနဲ့ ချင်းက အဲ့လို စိတ်ချရသည်။
