အခန်း (၁၀)
အာရုံနဲ့ စိတ်ထဲ
သူ့တစ်ယောက်တည်းမို့
ရုပ် နာမ် ခွဲဖို့
ခက်လွန်းတယ်။- မောင်လှမျိုး (ချင်းချောင်းခြံ) -
***
" ဟေး .. ရံ "
Video Call ပြောနေပေမဲ့ ရံက ဟိန်းကို အဖက်မလုပ်ဘဲ စားပွဲခုံမှာ တစ်ယောက်တည်း တကုပ်ကုပ် လုပ်ရင်း ရှုပ်နေသည်။ ဘောပင် ကိုင်ပြီး စာရေးနေသည့် မြင်ကွင်းက ဟိန်းကို အံ့သြ မှင်သက်စေသည်။ ရံ့ရဲ့ ဒီလိုပုံစံမျိုးကို ကျောင်းတက်တုန်းကတောင် မြင်ဖူးခဲ့တာ မဟုတ်။ ခုလည်း သုတဇော်နဲ့ လောင်းကြေးထပ်ထားသည့် ကစားပွဲအပေါ် မေးမြန်းဖို့ ဖုန်းခေါ်လိုက်ခြင်း ဖြစ်သည်။ ဒါပေမဲ့ ရံက ဟိန်းရဲ့ မေးခွန်းတွေကို အာရုံ မစိုက်နိုင်။ ' အင်း ' တစ်လုံး အဖြေနဲ့ ပြီးပြီးရော အမြန် ရှင်းနေသည်။ ရံ့ရဲ့ လုပ်ပုံက အခြားသူအဖို့ စိတ်တိုစရာ ကောင်းပေမဲ့ ဟိန်းအတွက်တော့ ထိုသို့ မဟုတ်ပေ။ ရံ့ရဲ့ ဘေးမှာ အချိန်တွေ အကြာကြီး နေလာခဲ့သူမို့ ရံ့ရဲ့ ပြောင်းလဲခြင်းကို မြင်တွေ့ရခြင်းက ဟိန်းအတွက် ပျော်ရွှင် ဝမ်းမြောက်စရာပင်။
" ဘာတွေ ရေးနေလဲ ရံ။ သကြားလုံးတွေကရော ဘာလဲ။ အချိုတွေ အရမ်း မစားဖို့ ငါ မှာထားတယ်နော် "
" မစားပါဘူး "
အဆုံးသတ်ဝါကျကို ဆူသလိုလေး ပြောတော့ ရံက ခေါင်းမော့ကာ ကြည့်လာသည်။ ပြီးနောက် အဖြူရောင် စာရွက်ခေါက်လေးကို ဟိန်း မြင်အောင် ပြလေသည်။
စာရွက်ပေါ်ရှိ စာလုံးသေးသေးများက မောင်လှမျိုး (ချင်းချောင်းခြံ) ၏ လက်ရာမြောက်သော ခံစား ဖွဲ့နွဲ့မှုကို ချရေးထားခြင်းပင် ဖြစ်ချေ၏။
" ရည်းစားစာ ပေးမလို့ "
" ဘာ ! "
" ခန့်ကိုလေ .. ဒီမှာ သကြားလုံးတွေလည်း ရှိ်တယ်။ ငါ မနက်ဖြန် ခန့်ကို ပေးမှာ "
" ရံရယ် .. "
ဟိန်းမှာ ပြောစရာ မရှိတော့။ ဆွံ့အရလေပြီ။ ရံ့ရဲ့ ထူးထူးဆန်းဆန်း အတွေးကြောင့် ရယ်လည်း ရယ်ချင်၏။ ရံက စာရွက်ခေါက်လေးကို စာအိတ်ထဲ ထည့်ပိတ်နေသည်။ ပြီးနောက် အသည်းပုံ သကြားလုံးတွေကို ရေတွက်ကာ တစ်စု တစ်စည်းတည်း ပုံထားသည်။
