အခန်း (၃၆)
" ငါ ရေချိုးလိုက်ဦးမယ်။ ပြီးရင် ထမင်း အတူ စားရအောင်။ ပြင်ထားပေး "
ခေါင်းသုတ်တဘက်ကို ယူကာ ရေချိုးခန်းထဲ တန်းဝင်သွားသူကို ငေးကြည့်ရုံသာ တတ်နိုင်၏။ အချိုးရော ဒီဇိုင်းရော ဘာမှ ပြောင်းလဲမှု မရှိပေ။
ခန့်တည်စေ အဝတ်တစ်စုံကို ထုတ်ပေးပြီး ထမင်းဝိုင်း ပြင်ဖို့ အခန်းထဲက ထွက်ခဲ့လိုက်သည်။ နောက်တစ်နေ့ မနက်မှာပဲ ချင်းက သူ့အိမ်ကို ပြောင်းလာသည်။ မျက်နှာပြောင်တိုက်သည့် နေရာမှာ ဆရာကျသည့် ချင်းက အိမ်မှာ အတူ လာနေတာတောင် ဘာတစ်ခုမှ ယူမလာခဲ့ပေ။ တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းနဲ့ အဝတ်တောင် ထည့်မလာ။ ကျောပိုးအိတ် တစ်လုံးနဲ့ ရောင်စုံစက္ကူခေါက် ငါးဆယ် ထည့်ထားသည့် ဖန်ဘူး တစ်ဘူးသာ ပါ၏။" ခန့်ရေ ခန့် .. လာပါဦး "
" အေး။ လာပြီ "
ထမင်းဝိုင်း ပြင်ပြီးလို့ ရှိသေး။ အခန်းထဲက ခေါ်သံ ထွက်လာ၏။ ခန့်မှာ တဆာဆာ အော်သံကြောင့် ကပျာကယာ ပြေးရင်း ပြန်လည် အသံပြုရသည်။ မဟုတ်လျှင် ချင်းက သူ့ကို ပြဿနာ ရှာလိမ့်မည်။
" ဘာလဲ။ ဘာရှာနေပြန်ပြီလဲ "
ထုတ်ပေးထားတဲ့ အဝတ်ကို ဖွထားသည်။ ဗီရိုကို ဖွင့်ကာ သူ့စိတ်ကြိုက် မွှေနှောက်နေ၏။ မနေ့ကမှ သပ်သပ်ရပ်ရပ် ရှင်းထားသည့် အခန်းက ချင်းရဲ့ တစ်ရက် တစ်မနက် လက်ချက်နဲ့တင် ရှုပ်ပွနေလေပြီ။ ကုတင်ပေါ်မှာ စာအုပ်တချို့က ပြန့်ကြဲလျက်သား။ စားပွဲခုံပေါ်မှာလည်း ဖုန်း၊ ပိုက်ဆံအိတ်၊ နားကြပ်ကြိုးနဲ့ ချင်းရဲ့ ပစ္စည်း အစုစုက နေရာယူထားသည်။
" မင်းရဲ့ တီရှပ်အနက်လေ။ အရိုးခေါင်း အရုပ်နဲ့ "
" အဲ့တီရှပ်က မင်းနဲ့ဆို ကြီးမှာ။ ငါ ထုတ်ပေးထားတာပဲ ဝတ်စမ်းပါ "
ကုတင်အစွန်က အင်္ကျီကို ချင်းရဲ့ ကိုယ်ပေါ် ပစ်ပေးလိုက်၏။ ချင်းက သေချာ ဖမ်းပြီး ကုတင်ထက် ပြန်ပစ်သည်။
" ငါ မဝတ်ချင်တာကို ဘာလို့ အတင်း ထိုးပေးနေတုန်း "
" မင်းကရော ကလေးလား။ ဒီအရွယ် ရောက်နေပြီး အရုပ်ပါတဲ့ အင်္ကျီကို ဝတ်ချင်နေရအောင် .. ရှိတာပဲ မြန်မြန် ဝတ်စမ်းပါ။ အအေးပက်မယ် "