အခန်း (၃၁)
" မင်း အခြေအနေကရော "
" ဖိလစ်ပိုင်မှာ ခဏ သွားရှောင်နေမယ်။ ဒီမှာ ဖြန့်ထားတဲ့ အလုပ်ကိစ္စ တချို့ အပြီးသတ်ပြီးတာနဲ့ အမြန်ဆုံး ရွှေ့ဖို့ လုပ်ထားတယ် "
အပြုသဘော ဆောင်ကာ ခေတ်သစ် ခေါင်းညိတ်လိုက်သည်။ ဒီပါခမ်းဆတ်ရဲ့ ဆုံးဖြတ်ချက်က ဒီအခြေအနေအတွက် အသင့်တော်ဆုံးဟု တွေးမိသည်။ ဖြစ်ခဲ့တဲ့ ပြဿနာကို ဖုံးဖိထားနိုင်ရင်တောင် ဒီမှာ ဆက်ပြီး ရှိနေခြင်းက အတင့်ရဲရာ ကျသည်။ ရန်ပွဲကြောင့် ဂိုဏ်းနှစ်ခုကြား မတည်ငြိမ်သေးသည့် အချိန်မှာ အခိုက်အတန့် တစ်ခုထိ တိမ်းရှောင်နေတာ အကောင်းဆုံးပင်။
" ဂရုစိုက်နော် "
" စိတ်မပူပါနဲ့ "
ပခုံးပေါ် လာတင်သည့် လက်ကို ဖယ်ချရင်း ခမ်းဆတ်ရဲ့ မှာကြားမှုကို တုန့်ပြန်လိုက်သည်။ သို့ပေမဲ့ ခေတ်သစ်ရဲ့ တွက်ဆမှု လွဲချော်သွား၏။ ခမ်းဆတ် မျက်နှာပေါ်ရှိ လှစ်ခနဲ ထင်သွားသည့် အပြုံးတစ်စကို မြင်တွေ့ပြီးချိန်မှာပဲ ခေတ်သစ်ရဲ့ မျက်ခုံးတန်းမှာ ကုပ်သွား၏။
" မင်းကို ပြောတာ မဟုတ်ဘူး "
" ခွေးကောင် ! "
အသံထွက်ပြီး မဆဲဘဲ မနေနိုင်ချေ။ ခေတ်သစ်ကို ကြည့်ကာ သဘောကျနေသည့် ဒီပါခမ်းဆတ်ရဲ့ မျက်နှာပေးက အတော်ကြည့်ရ ဆိုး၏။
" ငါ သေချာ မှာခဲ့တယ်နော်။ ငါ မရှိတုန်း ရံ တစ်ခုခု ထိခိုက်မိလို့ကတော့ ရောက်တဲ့ နေရာက ချက်ချင်း ပြန်လာပြီး မင်းကို သောင်းကျန်းမှာ "
" လဲသေလိုက် "
" မင်းသာ ငါ့ထက် အရင် မသေစေနဲ့ "
ခမ်းဆတ်ရဲ့ မူလ ရည်ရွယ်ချက်က ဆေးရုံထိ သတင်း လာမေးဖို့ မဟုတ်ဘဲ ခေတ်နဲ့ ရန်ဖြစ်ဖို့ ရောက်လာခြင်း ဖြစ်မည်။ ဒါကြောင့်လည်း ခေတ်ကို အမျိုးမျိုး စိတ်ဆွနေတာပင်။
နှစ်ယောက်သား အကြည့်ချင်း တစ်ဖြတ် ဆုံကာ ရယ်မိသေး၏။ ဆေးရုံဝတ်စုံနဲ့ ခေတ်ကို ခမ်းဆတ်က ညင်ညင်သာသာပဲ အားပေးသည်။
အနောက်ဘက် ရပ်ဝန်းမှာ သူရိန်နေမင်း ခေါင်းတင် မှေးစက်ဖို့ ပြင်လေပြီ။ ဆေးရုံခေါင်မိုး ထပ်ပေါ်ရှိ ဝရန်တာကို ကိုင်ကာ လေပြည့်သွဲ့သွဲ့ကို တိတ်တဆိတ် ခံစားမိ၏။ ခမ်းဆတ်က ဘောင်းဘီ အိတ်ကပ်ထဲက ဆေးလိပ်ဘူးကို ထုတ်ကာ စီးကရက် တစ်လိပ် ကမ်းပေးလာသည်။
