Ep - 27

482 29 2
                                    


အခန်း (၂၇)

" ရမ်ဘီ "

တိကျ ပြတ်သားစွာ ပေါ်ထွက်လာသည့် အမည်နာမကြောင့် တစ်ဖက်က ခွန်းဂျက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ဒီပါခမ်းဆတ်ရဲ့ ရွေးချယ်မှုက ခွန်းဂျက် တွက်ဆထားသည်နှင့် လွဲလေပြီ။

" မင်း .. သေချာရဲ့လား "

" ငါ ထပ်မပြောဘူး ခွန်းဂျက် "

ခွန်းဂျက်ဆီက အပြန် စကားကို မစောင့်ဘဲ ဒီပါခမ်းဆတ် ဖုန်းချပစ်လိုက်သည်။ နက်ခီမှာ အံ့သြစွာ ကြောင်ရပ်နေလျက်။ ဒီပါခမ်းဆတ်ရဲ့ ရွေးချယ်မှုကို မယုံကြည်နိုင်ပုံ ပေါ်၏။

" ရမ်ဘီ့ဆီ ကျွန်တော် သွားလိုက်ပါ့မယ်။ ဆရာက "

" ရမ်ဘီနဲ့ ရံက အတူတူ ရှိနေတာ "

" ဘယ်လို .. "

ဒီပါခမ်းဆတ်က လက်ထဲရှိ ဖုန်းကို နက်ခီရှေ့ ထိုးပြပြီးနောက် ရှင်းလင်းစွာ ဆိုသည်။

" ကျည်အပြည့် ထည့်ခဲ့။ ရမ်ဘီ့အတွက်ပါ သေနတ် တစ်လက် ယူခဲ့"

ဒီပါခမ်းဆတ်က ထိုတစ်ခွန်းသာ ပြောပြီး ရှေ့က ဦးဆောင် ထွက်၏။ ကားကို ကိုယ်တိုင်မောင်းကာ နက်ခီကို ဘေးခုံမှာ ထိုင်စေသည်။ အရှိန်နှုန်း မြင့်စွာ ပြေးနေသည့် တာယာဘီးများမှာ ဒီပါခမ်းဆတ်ရဲ့ အလျင်လိုမှုကို ဖော်ဆောင်ပြ၏။ ထို့နောက် ဖုန်းနံပါတ် တစ်ခုကို နှိပ်ကာ စပီကာ ဖွင့်လိုက်သည်။

" ငါ ရမ်ဘီ့ဆီ သွားနေပြီ။ ခွန်းဂျက်က ရမ်ဘီနဲ့ အတူ ရှိနေလိမ့်မယ် "

" ငါ့ညီကို ငါ တာဝန်ယူနိုင်တယ် ခမ်းဆတ်။ စိတ်မပူနဲ့။ အဲ့ဘက်က မင်းကိစ္စကိုသာ အပြီးဖြတ်ခဲ့ "

" မင်း ဘာတွေ ပြောနေတာလဲ ဟေ့ကောင်။ ရမ်ဘီနဲ့ ရံက .. "

ဒီပါခမ်းဆတ်ရဲ့ စကား မဆုံးခင်မှာပဲ တစ်ဖက်က ဖုန်းချသွားသည်။ လေလှိုင်း ဆက်သွယ်မှုက တခဏသာ ကြာမြင့်ပေမဲ့ နက်ခီ သဘောပေါက် နားလည်ဖို့ လုံလောက်သည်။ ဘာကြောင့် ရမ်ဘီ့ကို ရွေးချယ်ခဲ့လဲဆိုတာ နက်ခီ သိလိုက်ရ၏။ ရွေးချယ်မှု မပြုခင်ကတည်းက ခေါင်းဆောင်မှာ အစီအစဉ်က ရှိနေခဲ့ပြီး ဖြစ်သည်။

ေၾကး (ကြေး)Where stories live. Discover now