အခန်း (၃၃)
" တော်တော့ ခန့်တည်။ မင်း သောက်နိုင်တာလည်း မဟုတ်ဘဲ "
အရက်ပြင်းတွေကို တစ်ခွက်ပြီး တစ်ခွက် မော့နေသည့် ခန့်တည်စေကို ကြည့်ရင်း ထက်မြက် စိတ်မသက်မသာ ဖြစ်ရသည်။ ခရီးထွက်ပြီး ပြန်လာကတည်းက ခန့်တည်စေ ပုံစံ ပျက်နေတာပင်။ အလုပ်က ထွက်ပြီး တစ်ပတ်လုံး အိမ်ထဲ အောင်းနေသည်။ ခန့်တည်စေ စိတ်ညစ်ရသည့် အကြောင်းရင်းကို ထက်မြက် မသိပေ။ သတိထားမိတာဆိုလို့ ဒီရက်ပိုင်း ရွှေဝန်းရံချင်း ပျောက်နေခြင်းပင်။ ခန့်တည်စေရဲ့ အနား တွယ်ကပ်နေတတ်သူက လူရော သတင်းပါ တိမ်မြုပ်နေ၏။ နှစ်ယောက်ကြား ပြဿနာ တစ်ခုခုတော့ ရှိလိမ့်မည်။ ရွှေဝန်းရံချင်း မည်သို့ ရှိမည်နည်း ထက်မြက် မသိပေ။ လက်ရှိ မြင်နေရသည့် ခန့်တည်စေကတော့ စိုးရိမ်ရေမှတ်ပင်။
ဒီပုံစံအတိုင်း ဆက်ပြီး လွှတ်ထားလို့ မဖြစ်၍ အပြင် ခေါ်ထုတ်လာတော့လည်း သူချည်းပဲ နင်းကန်သောက်နေသည်။ အကြည့်တစ်စုံက အရက်ပုလင်းဆီသာ ရောက်၏။ တုံ့ဆိုင်းမှု မရှိသည့် လက်က တစ်ခွက်ပြီး တစ်ခွက်။ အရက်ကို ရေလို သောက်နေခြင်းက အားပေးစရာ မဟုတ်ပေ။ ထို့ကြောင့် ထက်မြက် မနေနိုင်စွာ တားရတော့သည်။
" ပြန်တော့မလို့လား။ နေဦးလေ။ ငါ လိုက်ပို့မယ် "
" မင်းက နားငြီးတယ် "
သေမှာစိုးလို့ တားတာကို ပြစ်တင်သွားသေး၏။ သို့ပေမဲ့ ထက်မြက် စိတ်မဆိုးနိုင်ပေ။
ဆိုင်အပြင် ထွက်သွားသည့် ခန့်တည်စေက ထက်မြက်ကို မစောင့်။ ပြောစကားလည်း နားမထောင်။ တစ်ယောက်တည်း ထင်ရာစိုင်း နေသည်။ ကျသင့်ငွေကို ရှင်းကာ နောက်က အမြန် လိုက်ပေမဲ့ ခန့်တည်စေကို မတွေ့ရတော့ပေ။
ဟိုဟိုဒီဒီ လိုက်ရှာမှ မှောင်ရိပ်ကျနေသည့် ထောင့်မှာ ငုတ်တုတ်ထိုင်နေလျက်သား တွေ့ရ၏။ ထက်မြက်မှာ ခုမှပဲ စိတ်အေးရသည်။ ညအချိန်မို့ မူးနေသည့် ခန့်တည်စေကို တစ်ယောက်တည်း ပြန်မလွှတ်ချင်။
" ခန့်တည်။ ခန့်တည် ထတော့ ဟေ့ကောင် "
ကျောကို ပုတ်ရင်း ခေါင်းငိုက်စိုက်ကျနေသူကို နှိုးလိုက်၏။ ခန့်တည်စေက မော့ကြည့်လာသည်။ ပြန်တော့ မထူးပေ။
