အခန်း (၇)
" ချင်း .. မင်း အခု ထွက်ခဲ့ ဟေ့ကောင်။ ဒီအိမ်မှာ မင်းပုန်းလို့ ရမယ့် နေရာ မရှိဘူး "
ပြန်လာတော့ အမောဆို့ပါသည်။ ချင်းက ခန့်တည်စေရဲ့ အခန်းတစ်ခုလုံး ရှုပ်ပွအောင် မွှေနှောက်ထားရုံမက ကြွေပန်းကန် သုံးချပ်ကိုပါ ခွဲထားသည်။
သပ်သပ်ရပ်ရပ် ခေါက်ပြီး ထည့်ထားသည့် ဗီရိုထဲရှိ အဝတ်က ကုတင်ထက် ပြန့်ကြဲနေသည်။ ခေါင်းအုံးနဲ့ ဖက်လုံးက ကန်ချခံထားရ၍ ကြမ်းခင်းပြင်ထက် လွင့်လျက်။ စောင်ကိုလည်း ခြုံပြီး ပြန်မခေါက်ထားပေ။ ဖြစ်ချင်ရာ ဖြစ် သဘောဆောင်ကာ အကြိုက် ဖွထားသည်။
ချင်းကို အိမ်မှာ တစ်ရက်လေးပဲ ထားခဲ့ပေမဲ့ တစ်အိမ်လုံး ဗြောင်းဆန်လေပြီ။
" ချင်း .. မင်းကို အခုထွက်ခဲ့လို့ ပြောနေတယ်နော်။ ငါ့စကား နားမထောင်ဘဲ အကြောတင်းမနေနဲ့။ ငါ လိုက်ရှာမှ တွေ့ရင် အိမ်ပြင် ဆွဲထုတ်ခံရမယ် "
" လာပြီ။ ချင်း ခု ထွက်လာပြီမို့ စိတ်မဆိုးနဲ့တော့နော် "
တံခါး တစ်ချပ် လှပ်ဟသွားခြင်းနှင့်အတူ ကပျာကယာ ထွက်လာသည့် လေသံလေး။ လူကလည်း ဗီရိုထဲက တိုးထွက်လာသည်။
ခန့်တည်စေမှာ ခါးထောက်လျက် ကြည့်မိရင်း ဒေါသစိတ်လေးပါ ပျောက်ရှရ၏။အရွယ်ရောက်နေသည့် ဒီကလေးကြီးကို ဘယ်လို ထိန်းရမလဲ မသိတော့ပေ။ ဘာတစ်ခုမှ မသိ၊ နားမလည်သည့် မျက်လုံးဝိုင်းဝိုင်းလေးကို မြင်ရချိန်တိုင်း ဆူငေါက်ဖို့ရာ တွန့်ဆုတ်သွားမြဲ။
ကရုဏာသက်ဖွယ် လေသံတိုးညက်ညက်လေးကို ကြားရတိုင်း လျစ်လျူရှု ဥပေက္ခာ ပြုဖို့ မလုပ်ရက်ပြန်။ ဒါပေမဲ့ ချင်းက ဆိုးပါသည်။ အပြောနဲ့ အလုပ် မကိုက်ညီသည့် ချင်းက ခန့်တည်စေကို စိတ်တိုအောင် လုပ်တတ်သည့် နေရာမှာတော့ ထူးချွန်ထက်မြက်လှသည်။" မင်း ဘာတွေလုပ်ထားလဲ မြင်လား "
ဒေါသနဲ့ ငေါက်မိ၍ လေသံက မာဆတ်ကာ ကျယ်သွားသည်။ လန့်သွားသည့် ချင်းကလည်း မျက်ရည် ဝဲလျက် ခေါင်းလေး ငုံ့ချကာ အပြစ် လုပ်ထားပြီး ဝန်မခံရဲသူပမာ ငြိမ်ကုပ်ပြ၏။
