အခန်း (၃၇)
" ဘာကြီးတုန်း "
စာရွက်ခေါက်ကို ဖွင့်ဖတ်နေသည့် ချင်းဆီက ရေရွတ်သံ။ စိတ်တိုင်းမကျဟန်က မျက်နှာမှာ ပေါ်လွင်နေသည်။ ချင်းကို ကြည့်ရင်းမှ သဘောကျစွာ ပြုံးမိပေမဲ့ ထိုအပြုံးက ပီပြင် ကြည်လင်မှု မရှိခဲ့ချေ။ ကုတင်အောက် မဆင်းခင် ခန့် အိပ်ရာထောင့်က စားပွဲခုံပေါ် တင်ထားသည့် ပြက္ဒဒိန်ကို ယူကာ ရက်စွဲတစ်ခုကို မှင်နက်ဖြင့် ကြက်ခြေခတ်ပစ်လိုက်သည်။
ထို့နောက် စာရေးခုံပေါ် ဖန်ဘူးတင်ကာ စာရွက်ခေါက်ကို ဖြန့်ထားသည့် ချင်းရဲ့ ရှေ့မှာ ဝင်ထိုင်လိုက်၏။
" ဒါ မင်း ရေးထားတာမလား "
" မမှတ်မိတော့ဘူး "
စာတစ်ကြောင်းကို ဖတ်ကာ ဗြောင်လိမ်လိုက်၏။ ချင်းကလည်း လူလည်မို့ ခန့်လက်ရေးမှန်း တန်းသိ၏။
" မင်း .. မင်း ငါ့ကို တမင် လုပ်တာ "
" ဟေး .... ဒီဖန်ဘူးက မင်းစတဲ့ ဇာတ်လမ်းနော်။ ခုမှ လက်ညှိုးလာမထိုးနဲ့ "
ခန့် အလျင်အမြန် ဟန့်တားလိုက်ရသည်။ ချင်းက သူ့ကို မကြည်ဖြူစွာ စိုက်ကြည့်၏။ ဖြန့်ထားသည့် စက္ကူပေါ်ရှိ ' မင်းနဲ့အတူ မြို့အနှံ့ပတ်မယ် ' ဟူသော စာကို ဖတ်ပြီး ချင်းရဲ့ နှုတ်ခမ်းက စူချင်နေသည်။
" ဒါက ဘယ်လဲ "
" ရေချိုးရမယ်လေ။ အပြင်သွားမယ်ဆိုလည်း မြန်မြန်လုပ်။ အချိန် မရှိဘူး "
ချင်းက မတ်တပ်ထရပ်ကာ ထိုင်နေဆဲ ခန့်ကို ငုံ့မိုးကာ ပြော၏။ ခန့် ခေါင်းငြိမ့်လိုက်သည်။
" အင်း။ ဒါမဲ့ တစ်ခုတော့ ရှိတယ်နော် "
" ဘာလဲ "
" မင်းရဲ့ ကား ထားခဲ့။ ငါတို့ ဒီအတိုင်း ရောက်တတ်ရာရာ လျှောက်သွားကြမယ် "
" မင်း ... မင်း ခွေးကောင် ! "
" ဟ ! ဖြေးဖြေးလုပ်ပါကွ ! "
သည်းမခံနိုင်တော့သည့် ချင်းက ခန့် စကားအဆုံး ထသောင်းကျန်းတော့သည်။ ဇက်ပိုးကို လက်နဲ့ ဖိအုပ်ကာ ခေါင်းငိုက်စိုက်ကျအောင် အားသုံး၏။ ပခုံးနဲ့ ကျောပြင်ကိုလည်း ရသလို တွယ်သည်။ ခန့်မှာ ချင်းရဲ့ လက်ကို လိုက်ဖမ်းရင်း ကူကယ်ရာမဲ့နေ၏။ ချင်း ပြုသမျှ မနုပေမဲ့ ခန့်အပေါ် နိုင်ထက်စီးနင်း လုပ်ပိုင်ခွင့်ကိုတော့ အပိုင် ပေးထားဖြစ်သည်။ သို့ပေမဲ့ ချင်းက နည်းနည်းလေးမှ ညှာတာမှု မရှိပါ။ ထို့ကြောင့် ခန့်ကပဲ ချင်းရဲ့ လက်တစ်ဖက်ကို အရအမိ ဖမ်းကာ အားသုံးပြီး ဆွဲလှည့်ပစ်ရာ ချင်းခမျာ သူ့ပေါင်ပေါ် ဆွေ့ခနဲ ကျလာ၏။ ရုတ်တရက်မို့ ချင်းမှာ နှုတ်ခမ်းလွှာပါ ပွင့်အံသွား၏။
