အခန်း (၂၃)
* ဒေါက် ဒေါက် *
ကားမှန်တံခါးကို နှစ်ချက် ခေါက်ပြီး အထဲက ပုဂ္ဂိုလ်ကို နှိုးလိုက်သည်။ မျက်နှာပေါ် အပေါ်ထပ် အဝတ် ဖုံးပြီး အိပ်နေရာက အသံကြောင့် ထထိုင်လာ၏။ ပြီးနောက် ခန့်ကို မြင်သွားဟန် ရှိကာ ကားမှန်တံခါး ချပေး၏။ ကားတံခါး ဖွင့်သည်နှင့် ဘီယာနံ့ ခပ်ထွေးထွေးက ဆီးကြို၏။ ခန့် ခြေချရာကို ငုံ့ကြည့်မိတော့ မြေမှာ ခနေသည့် စီးကရက်က တစ်ဘူးစာ ရှိမည်ထင်။ စည်းမရှိ၊ ကမ်းမရှိ နေထိုင်မှုစရိုက်ကိုပါ ဖိတ်ခေါ်ပစ်သည်အထိ အသိစိတ် မကပ်ခဲ့ပုံပင်။
ဒီလောက်ထိ မိုက်မဲနေရလားဟု ဆူဆဲ အော်ဟစ် ပစ်ချင်သည်။ ကိုယ့်ကိုကိုယ် သေအောင် ကြံစည်နေသည့် ချင်းက ဒေါသထွက်စရာ ကောင်းလှသည်။ နီရဲနေသည့် မျက်ဝန်းတွေက အိပ်ရေးမဝ၍လား၊ ငိုထား၍လား
မသိပေ။" ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ "
" ခန့် "
တစ်ညလုံး သည်းခဲ့သည့် မိုးက စဲကာ မနက်ခင်းမှာ ပျင်းရိပျင်းတွဲ တဖွဲဖွဲ ကျနေသည်။ အပြင်မှာ ရပ်ထားသည့် ကားကို မြင်မြင်ချင်း သော့တွဲ ဆွဲပြီး အမြန် ဆင်းချလာခဲ့ခြင်းပင်။ ခန့်တည်စေကို ကသောင်းကနင်းနဲ့ ဗြောင်းဆန်စေသူရယ်လို့ ဒီကမ္ဘာမှာ ချင်း တစ်ယောက်ပဲ ရှိသည်။
" တစ်ညလုံး ဒီအတိုင်း ရှိနေတာလား "
" ဟုတ်မယ် ထင်တယ် "
ကားပြတင်းပေါက်မှာ မျက်နှာအပ်ကာ ချင်းက မရေမရာ ဆိုသည်။ ပုံမှန် မြင်နေကျအတိုင်း မဟုတ်သည့် ချင်းရဲ့ အမူအရာက ခန့်ကို စိုးရိမ်စေသည်။ မျက်ဝန်းတွေက မှိုင်းဖျော့ကာ နှုတ်ခမ်းတစ်စုံမှာ ဖျော့တော့လို့ နေသည်။ ရှုပ်ထွေး နောက်ကျိနေပုံ ရသည့် ချင်းက အလဲအကွဲ ရွဲပြဲနေသည်။ ခန့်ကို စိတ်တိုင်းမကျ ဖြစ်စေသည့် ချင်းက အမျိုးမျိုး အဖုံဖုံ ပူပန်ရအောင် လုပ်နေတာပင်။
" ထွက်ခဲ့ "
ခန့်ရဲ့ စကားအဆုံး ကားထဲက ထွက်လာကာ ထီးအမိုးအောက် ဝင်ခို၏။ မိုးက မသည်းပေမဲ့ ထီးကိုင်ထားသည့် ခန့်ရဲ့ လက်တစ်ဖက်မှာ ချင်း ရှိရာဘက် အလိုအလျောက် ယိမ်းသွားသည်။ ဖျားမှာစိုး၍ ဆင်ခြေပေးရအောင်လည်း ချင်းရဲ့ လက်ရှိ အနေအထားက ထို့ထက် ပိုဆိုးနေသည်။