အခန်း (၆)
" ခန့် "
" ဘာလဲ "
" ချင်းကို ခန့်အိမ်မှာ ပေးနေပါလား "
" ပိုက်ဆံပေးနိုင်လား "
" ဟင့်အင်း "
" ပေးနိုင်မှ မေး။ မင်းကို အလကား တင်ထားရအောင် ငါလည်း ချမ်းသာမနေဘူး "
အပြင်မှာ ကြက်ကြော်ဝယ်ကျွေးပြီး အိမ်ပြန်ရာ လမ်းတစ်လျှောက် ချင်းက အတူနေခွင့်ပြုဖို့ တောင်းဆိုလာသည်။ ညလေညှင်းက အေးယဲ့ယဲ့ သဲ့သည်။ ဝန်းကျင်တစ်ခွင် မိုးရနံ့ ထုံလွှမ်းကာ နေ၏။
" အလကား မနေပါဘူး။ ခန့်ရဲ့ အိမ်အလုပ်တွေ ချင်း လုပ်ပေးမယ်လေ "
" မင်းက ဘာလုပ်တတ်လို့လဲ "
" ခန့်ရဲ့ အင်္ကျီတွေ ချင်း လျှော်တတ်ပါတယ်။ အိမ်သန့်ရှင်းရေးလည်း လုပ်ပေးမယ်။ ခန့် တစ်ခုခု လိုတာရှိရင် ချင်းကို ခိုင်းလေ။ ခြောက်လွှာက ဆင်းပြီး ချင်း သွားဝယ်ပေးမယ်။ ချင်းကို ပေးနေပါနော်။ ချင်းမှာ သွားစရာနေရာ မရှိလို့ "
ချင်းက သနားစဖွယ် လေသံလေးနဲ့ အပေးအယူ လုပ်ကာ တတွတ်တွတ် ပွားသည်။ ချင်းကို ငဲ့ကြည့်ဖြစ်ရင်း ခန့်တည်စေ စိတ်အိုက်ရသည်။ ချင်းကို အိမ်မှာ ပေးနေဖို့က သူ့အတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေပါ။ ဒါပေမဲ့ ချင်းအကြောင်း မသိရ၍ ခေါင်းညိတ် သဘောတူဖို့ ခက်လှသည်။
ရှုပ်ရှုပ်ယှက်ယှက် ဇာတ်ကြောင်းတွေ လာနွယ်မှာ ခန့်တည်စေ မလိုလားပေ။ ငြင်းဆန်ချင်သည့် စိတ်ရဲ့ တစ်ဖက်မှာလည်း ချင်းကို သနားသည်။ ဥပေက္ခာပြုကာ မနှက်ရက်ပြန်။ ခန့်တည်စေမှာ အတွေးနှစ်ခွဖြင့် ဗျာများရလေပြီ။" ခန့် .. ခန့် လုပ်ပါဦး။ ချင်း ပုဆိုးကျွတ်တော့မယ် ထင်တယ် "
ခြေစုံ ရပ်ပစ်ရင်း ခန့်တည်စေရဲ့ လက်ကို ဆွဲကာ ပုဆိုးကျွတ်ကျမှာ စိုးကြောက်နေသူ။ ခန့်တည်စေ စိတ်ရှုပ်ရှုပ်နဲ့ ကောင်းကင်ကို မော့ကြည့်ကာ လေပူတစ်ချက် မှုတ်ထုတ်မိသည်။ ပြီးမှ ချင်းနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်၏။
" ကိုယ့်ဘာသာ ဝတ်။ ငါ ကာပေးထားမယ် "
ခန့်တည်စေရဲ့ စကားအဆုံး ခေါင်းလေး ညိတ်ကာ ပုဆိုးကို ဖြန့်ဝတ်ဖို့ ပြင်၏။ ခါးထောက် ရပ်ရင်း ပုဆိုး ဝတ်နေသည့် ချင်းကို တစိမ့်စိမ့် ငေးစိုက်ဖြစ်သည်။ သေချာ သတိထားကြည့်မှ ချင်းရဲ့ လက်က ဒဏ်ရာကို မြင်ကာ ဆွဲယူမိသည်။
