Ep - 4

917 91 4
                                    

အခန်း (၄)

" ရံ .. တော်တော့ "

" မင်းပါ အထိုးမခံချင်ရင် ပါးစပ်ပိတ်ထား ဟေ့ကောင် "

ကလပ်မှာ ရုတ်ရုတ်သဲသဲ အခြေအနေကို ဖန်တီးသူက ရံပင် ဖြစ်ချေ၏။ မညှာမတာ ထိုးကြိတ်နေသည့် ရံ့ကို မည်သူမှလည်း ဝင်မတားရဲကြပေ။ ဒီဂျေသံ တိတ်ကျသွားပြီ။ ကနေသည့် လူအစုစုလည်း ရံ့ကို ကြည့်ရင်း ကြောက်ရွံ့ ထိတ်လန့်မှုကြောင့် ခပ်ဝေးဝေး ရှောင်ဖယ်နေရသည်။ ဆိုင်မန်နေဂျာလည်း ရောက်ရှိမလာရဲ ဖြစ်နေရှာသည်။ ဒီကလပ်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များမှာ ရံ့ကို ဦးရန်နိုင်စိုး၏ သားမှန်း သိကြ၍ တားမြစ်ခြင်း မပြုရဲကြပေ။ စီးပွားရေးလောကမှာ နာမည်ကျော်သည့် ဦးရန်နိုင်စိုး၏ အရှိန်အဝါက ထိုမျှထိ ပေါက်မြောက်သည်။

အင်္ကျီကော်လံစကို ဆွဲဆုပ်ကိုင်ရင်း လဲကျနေသူအား ရံက ထပ်ခါတလဲလဲ ထိုးကြိတ်နေဆဲ။ ရံ့ဒေါသကြောင့် တစ်ဖက်လူရဲ့ မျက်နှာတစ်ခုလုံး စုတ်ပြတ်လုမတတ် ဖြစ်နေလေပြီ။ ဒါတောင် ရံက စိတ်ကို မလျှော့သေး။ မာန်ခဲမပျက် ရိုင်းကြွနေမြဲ။

သုတဇော် မတားဘဲ ဆက်ပြီး ကြည့်နေလို့ မဖြစ်တော့ပေ။ ကလပ်မှာ သောက်စားပျော်ပါးဖို့ ရံ့ကို ချိန်းဆိုမိလိုက်တာ သူ့အမှားပဲ ဖြစ်သည်။

" လက်လွန်မယ် ရံ။ သတိထားပါဦး "

" လွန်ပေ့စေ။ ဒီကောင် သေသွားလည်း ဘာမှ မဖြစ်ဘူး။ ငါ့ဒယ်ဒီ ရှင်းနိုင်တယ် "

သုတဇော်ကို လှည့်ငေါက်ကာ ရံက ဆက်လက် ထိုးကြိတ်သည်။ အလူးအလဲ ခံနေရသော သူ မျော့မျော့သာ ကျန်တော့၏။ ဖုန်းတွေ ပါပေမဲ့ မည်သူမှ မှတ်တမ်းတင် ရိုက်ကူးဖို့ မရဲကြပေ။ စူးရှသည့် ရံ့ရဲ့ မျက်ဝန်းအကြည့် ရောက်ရှိလာမှာ စိုး၍ ဖြစ်သည်။

ထိန်းမနိုင်သည့် ရံ့ကြောင့် သုတဇော် ခေါင်းခဲရလေပြီ။ သို့ပေမဲ့ ရံ့စကားကလည်း အမှန် ဖြစ်နေပြန်သည်။ မြန်မာပြည် ထိပ်တန်း အချမ်းသာဆုံး သူဌေး စာရင်းဝင် ဦးရန်နိုင်စိုးက နိုင်ငံရေးသမားများအတွက် ငွေကြေးအင်အား ထောက်ပံ့ရေး မဏ္ဍိုင် တစ်ရပ်ဆိုလည်း မမှားပေ။ ထို့ကြောင့် ရံ ပြဿနာ အကြီးအကျယ် ရှာလျှင်တောင် သေးသေးမွှားမွှားသာ ဖြစ်သွားလိမ့်မည်။

ေၾကး (ကြေး)Where stories live. Discover now