အခန်း (၄၂)
" ခန့် "
" ဟင့်အင်း။ ငါ မလိုက်လျောပါရစေနဲ့။ ဒီတစ်ခုတော့ ငါ ခွင့်မပြုပါရစေနဲ့ ချင်းရယ် "
ခန့်မျက်လုံးထဲ အရည်ကြည်များ ပြည့်လျှံလာ၏။ လေယူလေသိမ်းမှာ ပန်းတစ်ပွင့်နှယ် ယိမ်းနွဲ့ကာ တုန်ခါချင်လျက်။ သတိသမ္ဗဇဉ်အား မြဲမြံအောင် ထိန်းချုပ်ပါလည်း တည်ငြိမ်မှုမှာ တိုက်စားခံရလေပြီ။ ချင်းက သူ့အား ထားခဲ့ဖို့ ကြံသည်။ ထိုသည်ကလည်း ဘဝ တစ်သက်တာအတွက် ရည်ရွယ်ပြီး ဖြစ်၏။
" ငြင်းလို့ မရဘူး ခန့်။ ဒါ ငါ့ရဲ့ နောက်ဆုံး ဆန္ဒလည်း ဖြစ်သလို ငါ့ရဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။ မင်း ငါ့ကို လမ်းခွဲပေးရမယ်။ မင်း ငါ့ကို လွှတ်ပေးရမယ် ခန့် "
" ဘာနေနေ ငါ ဂရုမစိုက်ဘူး ချင်း။ မင်း ငါ့ကို ကြိုက်တာ တောင်းဆိုလို့ ရတယ်။ ဒီတစ်ခုတော့ မဖြစ်ဘူး။ ငါ့အဖြေက မင်းလက်ထဲက စာလိပ်မှာ ရှိပြီးသား ချင်း "
ခန့် ကုတင်ပေါ်က ဆင်းကာ ချင်းကို ကျောပေး ရပ်လိုက်သည်။ ခံပြင်းဝမ်းနည်းမှုကြောင့် တောက်တစ်ချက် မခေါက်မိအောင် အံကို ကြိတ်ကာ တင်းခံထားရ၏။
ချင်းရဲ့ စိတ်ကို သိသည်။ ချင်းရဲ့ ခံစားချက်ကို နားလည်သည်။ ထို့ကြောင့် သူ့မှာ ပို၍ စိတ်မကောင်း ဖြစ်ရသည်။ ယူကြုံးမရ ဖြစ်ရသည်။
" ငါ မင်းကို မမြင်စေချင်ဘူး ခန့်။ ငါ့ရဲ့ နောက်ဆုံး အချိန်မှာ မင်းကို မရှိစေချင်ဘူး။ မင်း သိလား ခန့်။ ငါ မရှိတော့ရင်တောင် အဲ့ဒီမြင်ကွင်းက မင်းကို စိတ်ဒုက္ခတွေ ပေးပြီး နှိပ်စက်နေမှာ။ ဘယ်လောက် နာကျင်ခံစားရစေမှန်း သိတဲ့ငါက မင်းကို ဒီလိုမျိုး ကြုံတွေ့ခိုင်းရမှာလား။ မဖြစ်နိုင်တာ။ ငါ့ကို ယုံစမ်းပါ။ အသက်မဲ့သွားတဲ့ မာမီ့ရဲ့ ပုံရိပ်ကို အရင်ဆုံး တွေ့ခဲ့တဲ့ ငါက အဲ့ဒီ ခံစားချက်ကို ကောင်းကောင်း သိတာမို့ "
" ငါ မင်းနဲ့ အတူရှိချင်တာ ကောင်းတဲ့ အရာတွေကိုပဲ ခံစားချင်လို့ မဟုတ်ဘူး ချင်း။ သာယာပျော်ရွှင်မှု တစ်ခုတည်းကိုပဲ လိုချင်တဲ့ စိတ်နဲ့ ငါ မင်းအနားမှာ နေချင်ခဲ့တာမှ မဟုတ်ဘဲ။ ဒါကို မင်း ဘာလို့ သဘောမပေါက်ရတာလဲ "
