အခန်း (၃၂)
" မဖြစ်နိုင်တာ။ လေးနိုင်က ဘာလို့ ဒီလို .. "
နှုတ်ခမ်းလွှာမှ ထွက်ကျလာသော ဝါကျအား ဖြောင့်တန်းစွာ အဆုံးမသတ်နိုင်ချေ။ စိတ်ကို နိုင်အောင် ထိန်းပါလည်း တုန်ခါချင်နေသည်။ မျက်နှာချင်းဆိုင်ရှိ ထိုင်နေသူမှာ တည်ကြည် ငြိမ်သက်စွာ ဆို၏။
" ရံ ငယ်ငယ်တုန်းက ပုံ။ မင်းရဲ့ဦးလေးကို ပြပြီး အတည်ပြုကြည့်လိုက်ပါ "
ခေတ်သစ်က စားပွဲခုံပေါ်တွင် ငါးနှစ်သားအရွယ် ဓာတ်ပုံကို ထားရစ်ကာ ဆိုင်ထဲမှ ထွက်သွား၏။ ခန့်တည်စေ ခုံပေါ် တံတောင်နှစ်ဖက် ထောက်ကာ မျက်နှာအား လက်ဖြင့် ပွတ်သပ်မိ၏။ ဖြစ်နိုင်ရင် နေရာမှာတင် အငွေ့ပျံပြီး ပျောက်သွားချင်သည်။ ချင်းကို ပြန်ပေးဆွဲခဲ့ဖူးသူမှာ လေးနိုင်သာ အမှန်တကယ် ဖြစ်နေခဲ့လျှင် ...။
ခန့်တည်စေ ဆက်မတွေးဝံ့ပေ။ ခေါင်းသာ ငိုက်စိုက်ချမိ၏။
ရင်ထဲ တဆစ်ဆစ် နာရပေမဲ့ ခန့်တည်စေ အချိန် မဆွဲနိုင်ပါ။ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ လေးနိုင်ဆီ ဆက်သွယ်လိုက်၏။
****
" ရံ "
ခန့်ဆီ သွားဖို့ ပြင်ကာမှ အိမ်ပြန်ရောက်လာသည့် ကိုကိုနှင့် တိုး၏။ ပြောစရာ ရှိသည်ဟုဆိုကာ ဧည့်ခန်းထဲ ဝင်ထိုင်၍ ရံ့ရဲ့ ခြေလှမ်းတစ်စုံမှာ မရွေ့ချင် ရွေ့ချင်ဖြင့် ရွှေ့ရတော့၏။
" ခန့်တည်စေနဲ့ ဆက်ပြီး မတွေ့ပါနဲ့တော့လား "
ရုတ်တရက်ဆန်သည့် စကားကြောင့် ရံ အံ့သြသွားရ၏။ ကိုကိုက ဘယ်သောအခါမှ ရံ့ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။ တည်ကြည်လေးနက်သည့် ကိုကို့ ဟန်ပန်က ရံ့ကို ပူပန်စေသည်။ ဒယ်ဒီ ကန့်ကွက်ခဲ့တုန်းကတောင် ကိုကိုက ဘာတစ်ခွန်းမှ ဝင်ထောက်ခြင်း ရှိခဲ့တာ မဟုတ်။ ခုကျမှ ခန့်နဲ့ မပတ်သက်ဖို့ ကိုကိုက စတင် ဟန့်တားလာသည်။ ရံ မသိသည့် အကြောင်းအရင်း တစ်ခုခုက ရှိနှင့်လေပြီ။ ရံ ကိုကို့ကို နားလည်သည်။ ဆက်ပြောဖို့ ခဲယဉ်းနေသည့် ကိုကိုက တွေးတွေးဆဆဖြင့် ငြိမ်သက်ကာ ရှိ၏။ ဆက်လက် တည်ဆောက်မည့် ဝါကျအတွက် အမှန်ကန်ဆုံး သတ်ပုံဖြစ်ဖို့ စကားစုတို့ ရှာဖွေ စုဆောင်းနေပုံပင်။