အခန်း (၂၁)
ရံ့ ဖုန်းကို ခေါ်ပေမဲ့ စက်ပိတ်ထားကြောင်းပဲ ထပ်ချည်း ပြောနေသည်။ ခေတ်သစ် စိတ်မရှည်တော့ပေ။ ရံ့ကို စောင့်ကြည့်ဖို့ လွှတ်ထားသည့် သူဆီ ဖုန်းခေါ်ပြီး တည်နေရာကို မေးမြန်းကာ ထွက်ခဲ့လိုက်သည်။
ဒယ်ဒီသာ စေခိုင်းလာလျှင် မဖြစ်ဖြစ်အောင် လုပ်ပေးနိုင်ရမည့် စိတ်စွဲက ပုံစံ ကျနေခဲ့လေပြီ။ ယခုလည်း ထိုနည်းတူပင်။ ဒယ်ဒီ့စကား၊ ဒယ်ဒီ့အမိန့်၊ ဒယ်ဒီ့ တောင်းဆိုမှုကို ခေတ်သစ် မလွန်ဆန်နိုင်ခဲ့ပြန်။
ကားမောင်းနေချိန်မှာပဲ မြည်လာသည့် ဖုန်းသံကြောင့် စခရင်ကို တစ်ချက် ကြည့်လိုက်၏။ သို့ပေမဲ့ ပေါ်လွင်နေသည့် အမည်နာမ တစ်ခုက ခေတ်ကို ပို၍ မကြည်မလင် ဖြစ်စေသည်။
ဆက်သွယ်မှုတိုင်းကို ဖြတ်ချလိုက်လျှင် ရှိန်း ဘာတွေ လုပ်နိုင်မလဲ မသိပေ။ ထင်ရာစိုင်း ရိုင်းတတ်သည့် ရှိန်းက ကိုယ့်အတွက်က လွဲပြီး ကျန်တာ မသိတတ်သူ။ တွေးလည်း မတွေးပေးသူ။ သူ့အကျိုးအမြတ် တစ်ခုတည်းကိုသာ ကြည့်တတ်သူ။ ထို့ကြောင့် ရှိန်းနှင့် ဆော့ကစားမိပြီဆိုလျှင် အနည်းငယ်တော့ ရှော့ခ် ရှိသည်။ စိတ်ထဲ ကြံစည်သမျှ အစီအစဉ်ကို ခန့်မှန်းမရအောင် ဖုံးကွယ်ထားနိုင်သည့် သူမို့ ကိုင်တွယ်ရ ခက်သည်။ တွယ်တာစရာ၊ ငဲ့ကြည့်စရာ ဘာတစ်ခုမှ မရှိသည့် ရှိန်းအတွက် အခြားသူရဲ့ ဘဝကို ဖျက်ဆီးဖို့ရာ ဝန်လေးနေမှာ မဟုတ်။ မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးလိမ့်မည်သာ။
ခေတ်သစ် စိတ်ကို တစ်ထစ် လျှော့ချကာ ဖုန်းဖြေဖို့ ပြင်လိုက်သည်။ ခေတ်သစ်ရဲ့ လုပ်ရပ်အမှား၊ ထွက်ပေါက်အမှား တစ်ခုကြောင့် ရံ့ကို ဘေးဥပါဒ် သင့်မှာ မလိုလားပေ။ ထိုသည်က ဒယ်ဒီ့ထံမှ ပြစ်တင်စကား လွင့်စင်လာမည်ကို စိုးရိမ်၍ မဟုတ်သလို ဒယ်ဒီ့ရဲ့ အကောင်းမြင်ခံရဖို့ ရံ့ကို ကာကွယ်ပေးလိုခြင်းလည်း မဟုတ်ခဲ့ပေ။ ခေတ်ရဲ့ စိတ်ဆန္ဒ စေရာ အတိုင်းသာ ဖြစ်ချေ၏။
" ရှိန်း ပြော "
" ခေတ် .. ခေတ်အခု ဘယ်မှာလဲ "
" အပြင်မှာ "
" ရံနဲ့ အတူ ရှိနေလား "
" မင်း ဘာသိချင်တာလဲ ရှိန်း။ ဝိုက်မနေနဲ့။ ငါ အလုပ် များနေတယ် "
