အခန်း (၃)
ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း မှတ်တိုင်မှာ ထိုင်နေသူကို တန်းတွေ့သည်။ သို့ပေမဲ့ မမြင်ချင်ယောင် ဆောင်ပြီး လမ်းကို ဆက်လျှောက်သည်။
ခန့်တည်စေကို မြင်တာနဲ့ မတ်ခနဲ ထရပ်ရင်း နောက်က တကောက်ကောက် လိုက်ပါလာသည်။ ခန့်တည်စေ လှမ်းရာအတိုင်း နောက်တော်ပါးမှ ခြေရာ လိုက်ထပ်သည်။ စိတ်ထင့်၍ စုံရပ်မိလျှင် နောက်က ခြေရာသံလည်း တိတ်သွား၏။
လှည့်ကြည့်ပြီး အဖတ်လုပ်နေရင် ပိုပြီး သံသရာ ရှည်မည်စိုး၍ လျစ်လျူသာ ရှုဖြစ်၏။ ကတုံးဆံပင်ပေါက်ကေနဲ့ အူကြောင်ကြောင် ကောင်ကို သူ လန့်ပါသည်။
" ခဏ .. ခဏ နေပါဦး "
တိုက်ခန်းအောက် ရောက်မှ ခန့်တည်စေကို မဝံ့မရဲ လှမ်းတား၏။ လေသံညက်ညက်လေးက မပြောင်းလဲပေ။ လှည့်ကြည့်မိချိန် မျက်လုံး ဝိုင်းဝိုင်းလေးနှင့် ဆုံ၏။ ခပ်နွမ်းနွမ်း တီရှပ်နဲ့ ကတုံးဆံပင်ပေါက်က အိတ်ကပ်ထဲက ပိုက်ဆံကို ထုတ်ကာ အသည်းအသန် ဖြန့်နေ၏။ ခန့်တည်စေ စိတ်မရှည်ပြီး အပေါ်တက်သွားမှာ စိုး၍
ကသုတ်ကလျင် နိုင်နေပုံ ပေါ်သည်။" ဘာလဲ "
" ဟို ..ဟိုနေ့က ပေးလိုက်တဲ့ ပိုက်ဆံ "
စကားက တစ်ဝက်တပျက်မို့ နားမလည်။ မှုန်ကုပ်ကုပ် စိုက်ကြည့်ပေးလိုက်တော့ အထစ်ထစ် အငေါ့ငေါ့နဲ့ ဆက်ရှင်းလာ၏။
" မိုးခိုတဲ့နေ့က ချင်းကို ထမင်းဖိုး ပေးလိုက်တဲ့ ပိုက်ဆံလေ။ အဲ .. အဲဒါ ပြန်ပေးတာ "
" မလိုဘူး "
ခန့်တည်စေရဲ့ အတိတ်မှာ ပေးပြီးသား အရာ ပြန်ယူဖို့ ထုံးစံ မရှိခဲ့။ ထို့ကြောင့် အပြတ် ငြင်းပြီး အထဲ ဝင်ဖို့ ပြင်တော့ ဖမ်းဆုပ်ခံလိုက်ရသည့် လက်တစ်ဖက်။ စိတ်မှာလည်း ကွက်ခနဲ။
စူးစူးရှရှ လှည့်ကြည့်ချိန်မှာပဲ လက်ကို လွှတ်ချပေးလာရင်း ..
" တောင်း .. တောင်းပန်ပါတယ်။ စိတ်မရှိပါနဲ့နော် "
တစ်ဖက်က တောင်းပန်စကား ဆိုလာပေမဲ့ ခန့်တည်စေ ကြေအေးမပေးဖြစ်။ ခုနက ဖမ်းဆုပ် ကိုင်ခံလိုက်ရသည့် နေရာကိုသာ အလိုမကျစွာ အကြည့် တစ်ချက် ဝေ့မိသည်။