အခန်း (၂၄)
" လေးနိုင် ခဏ ထိုင်ဦး။ ကော်ဖီ သွားဖျော်လိုက်ဦးမယ် "
လေးနိုင်ကို ဧည့်ခန်းထဲ ထားရစ်ပြီး ချင်းဆီ လျှောက်ခဲ့လိုက်၏။ ဘေစင်မှာ ပန်းကန် ဆေးနေသည့် ချင်းက ခြေသံကြောင့် လှည့်ကြည့်လာသည်။
" အေးဆေး နားနေစမ်းပါ။ ဘာလို့ ဒါတွေ လုပ်နေရတာလဲ "
" အအေးမိရုံလေးပါကွာ။ ငါ အဲ့လောက် နုမနေဘူး "
တစ်ခွန်းမခံ ပြန်ပက်လာသည့် ချင်းက ဆေးသောက်ထား၍ သက်သာသွားပုံ ရှိ၏။ အရင်က ချင်းရဲ့ မူလပကတိဟန်အတိုင်း အချိုးမပြေသည့် ပုံစံကို ပြန်မြင်ရပြီမို့ ခန့် စိတ်အေးစွာ ပြုံးမိ၏။
" ချင်း "
" အေး "
" ငါတို့ တစ်ယောက်ကို တစ်ယောက် လေးလေးစားစား ဆက်ဆံရအောင် "
ခန့် စကားအဆုံး ချင်းရဲ့ နှုတ်ခမ်းထောင့် တစ်ဖက် တွန့်တက်၏။ မထိမဲ့မြင့် လုပ်သည့် နေရာမှာ ချင်းက သိပ်တော်သည်။
" အေးပါ။ နောက်ခါ မင်းကို ဆွဲထိုးချင်ရင် လက်အုပ်ချီပြီး အရင် ခွင့်ပန်မယ်။ ဟုတ်ပြီလား "
" ဒါလေး ပြောတာကို အဲ့လောက်ထိ ရွဲ့စရာ လိုလို့လား "
" သြော် .. ငါ့နှယ် ခက်ပါရဲ့။ အတည်ပြောတာ။ တကယ် ခုတောင် ငါ မင်းကို နရင်း ထအုပ်ချင်လာပြီ "
လက်တစ်ဖက် ခါးထောက်ရင်း တစ်ယောက်တည်း ရေရွတ်သလို တီးတိုးပြောနေ၏။ သို့ပေမဲ့ ခန့်ကတော့ အတိုင်းသား ကြားနေရတာပင်။ ဘယ်လိုပဲ အချိုးမပြေလည်း ချင်းရဲ့ ပုံစံက ခန့် မျက်လုံးထဲ အသည်းယားဖွယ် ဖြစ်နေသည်။ ဒါကို ချင်းက သိနိုင်မှာ မဟုတ်ပေ။
" အစ်ကို ခန့်တည်စေခင်ဗျ နရင်းလေး တစ်ချက်လောက် ပေးအုပ်ပါလား။ ကျွန်တော် ချင်းက လေးလေးစားစား တောင်းဆိုတာပါဗျ "
လူကို တည့်တည့်ကြည့်ရင်း ပိုပိုသာသာ ပြုံးကာ ဆိုလာသူ။ ချင်းရဲ့ မျက်နှာပြောင်တိုက်မှုကို လိုက်မမီ။ တုပ၍လည်း လိုက်ပြီး မလုပ်နိုင်။ ထို့ကြောင့် နောက်ဆုံး ခန့်တည်စေပဲ အရှုံးပေး လက်မြှောက်ရတော့သည်။
