အခန်း (၃၈)
* ခွပ် *
အားပါသည့် လက်သီးချက်အောက်မှာ ရှိန်းရဲ့ မျက်နှာလည်ထွက်သွား၏။ စူးရဲနေသည့် ရံ့ရဲ့ မျက်ဝန်းတွေက ရင်ထဲရှိ အမျက်ကို ပွင့်လင်း မြင်သာစွာ ဖွင့်ဟပြသည်။ ရံ ဒီလောက်ထိ ဒေါသထွက်တာ ခေတ် မမြင်ဖူးပါ။ ထို့ကြောင့် ခေတ်မှာ အံ့သြ မှင်သက်ရသလို ရင်ထဲ အထိတ်တလန့် ဖြစ်နေသည်။
" မင်း စည်းကျော်တာ များပြီ ဟေ့ကောင် "
တင်းမာသည့် စကားသံ။ ကျစ်ကျစ်ဆုပ်ထားသည့် လက်ချောင်းများ။ သိန်းငှက်သဖွယ် အရှိန်အဝါ ကြီးလှသော မျက်ဝန်းတစ်စုံ။ ဧကန်အမှန်ပင် ရံ့ရဲ့ ပုံစံမှာ ကြောက်စရာ အငွေ့အသက် ဖုံးလွှမ်းလို့ နေ၏။
" မင်းရဲ့ အကြံအစည်ကို မသိရအောင် ငါ တုံးအ,မနေဘူး ရှိန်း။ ကိုယ့်ကိုကိုယ် အထင်ကြီး မနေနဲ့။ ငါရော ကိုခမ်းရော မင်း ဘယ်မှာ ရှိမှန်း သိပြီးသား။ ကိုကို့ကြောင့်သာ မင်းကို လွှတ်ပေးခဲ့တာ "
ဒီတစ်ခါ အံ့သြရသူမှာ ရှိန်း တစ်ယောက်တည်း မဟုတ်။ ခေတ်သစ်လည်း အပါအဝင် ဖြစ်ချေ၏။ ခေတ်သစ်ရဲ့ ခြေတစ်လှမ်းမှာ နောက်သို့ပင် ဆုတ်သွား၏။ ရံက ခေတ်ကို မကြည့်။ ရှိန်းကိုသာ ပစ်မှတ်ထား၍ တိုက်ရိုက် ဆက်သွယ်သည်။
နှုတ်ခမ်းထောင့် တစ်ဖက်က စွန်းထင်းသွားသည့် သွေးစကို လက်ဖြင့် သုတ်ဖက်ကာ ရှိန်းက မနှစ်မြို့စွာ ပြုံး၏။ ထိုအပြုံးမှာ နာကျင် အောင့်မျက်ခြင်း ငြိတွယ်ကာ အမုန်းတရားတို့ ဖိတ်စင်ကျ၏။
" ငါက မကောင်းတဲ့ ကောင်ဆိုပေမဲ့ မင်းတို့ သားအဖလောက်တော့ အတ္တမကြီးသေးပါဘူး ရံရယ်။ မင်းတို့ကသာ ခေတ်ကို အဝေး ထွက်မပြေးနိုင်အောင် ချုပ်နှောင်နေကြတာ။ မင်းတို့ အလိုရှိသလို ကစားနေကြတာ။ မင်းတို့အတွက် အသုံးမဝင်တော့ရင် .. အဲ့ချိန်ကျ စွန့်ပစ်မှာပဲမလား။ ပြောကြကြေးဆို မင်းက ငါ့ထက် ပိုပြီးတောင် လူမဆန်သေးတယ် "
ရှေ့မှာ အော်ဟစ်ပေါက်ကွဲပြီးနောက် နောက်ဆုံးသော ဝါကျကို ရှိန်းက လေသံငြိမ်ဖြင့် ရှင်းလင်း ပြတ်သားစွာ ဆို၏။ ဖျော့တော့သည့် ရံ့ နှုတ်ခမ်းပါးတွေက တဆတ်ဆတ် တုန်ယင်နေသည်။ လက်ချောင်းထိပ်ဖျားလေးမှာ လှုပ်ခတ်သွား၏။